ထိုင်း – မြန်မာနယ်စပ်၌ ကရင်ထိန်းချုပ်မှုနယ်မြေအများဆုံးပြန်ရယူနိုင်ပြီး နေပြည်တော် နှင့်ရန်ကုန်ကြား စစ်အုပ်စု၏ ဗဟိုဆက်သွယ်ရေးလမ်းကြောင်းခြိမ်းခြောက်နိုင်မှုမြင့်လာဟု KPSN ဖော်ပြ
ဟန်နွေ/People’s Spring
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီမှ ယခုနှစ် ၂၀၂၄ နှစ်လယ်ပိုင်းအထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် မဟာမိတ်များသိမ်းပိုက်ခဲ့သည့် စစ်ကောင်စီတပ်စခန်း ၁၃၈ခုအထိရှိကြောင်းကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN)က အသိပေးသည်။
လွန်ခဲ့သည့်နှစ်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ်များသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် နယ်မြေစိုးမိုးရေးသိသိသာသာရရှိခဲ့ပြီး စစ်ကောင်စီ၏ စစ်စခန်း ၇၀ကို သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။
၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ်လယ်ပိုင်းအထိ ကရင်ခရိုင်များ(ကရင်အမျိုးသားအစည်းအရုံး-KNU အုပ်ချုပ်နယ်မြေ ခရိုင် ၇ခု)တွင်တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီ၏ စစ်စခန်း ၁၃၈ခု အနက် ၂၀၂၃ ခုနှစ်လယ်မှ ၂ဝ၂၄ ခုနှစ်လယ်အထိကာလအတွင်း ထက်ဝက်ကျော်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြပြီး KNLA နှင့် မဟာမိတ်တပ်ဖွဲ့များ၏ စစ်ရေးနယ်မြေ ကျယ်ပြန့်လာကြောင်း ပြသ နေသည်ဟု အသိပေးသည်။

Public Service Announcement

သို့သော် နိုဝင်ဘာအတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင် တပ်မဟာ(၅)?နယ်မြေရှိ မထောစခန်း၊ ကူးဆိပ်စခန်း၊ ခေါပုတ်စခန်းများကိုလည်း KNLA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ရာ KNLA သိမ်းနိုင်ခဲ့သည့် တပ် စခန်း ၁၄၀ကျော်အထိရှိပြီဖြစ်သည်။
ထိုသို့ သိမ်းယူနိုင်ခဲ့ခြင်းဖြင့် နှစ်ပေါင်း၄၀ အတွင်း ထိုင်း-မြန်မာနယ်စပ်၌ ကရင်ထိန်းချုပ်မှု နယ်မြေ အများဆုံးပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။
မကြာသေးမီကအထိ သိမ်းပိုက်နိုင်ခဲ့သည့် စခန်းများအနက် သုံးပုံတစ်ပုံသည် ထိုင်းနယ်စပ် သံလွင်မြစ်ကြောင်းတစ်ခုလုံးနီးပါးအပါအဝင် မူတြော်(ဖာပွန်)ခရိုင်နှင့် ဒူးပလာယာခရိုင်ရှိ စခန်း ၁၆ခုသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်အောက်သို့ လုံးလုံးလျားလျား ရောက်နေပြီဖြစ်ကြောင်း ထုတ်ပြန်သည်။
သိမ်းထားသည့် စခန်းအများစုမှာ အာရှလမ်းမကြီးနှင့် ထိုင်းနယ်စပ်ကို ဆက်သွယ်ထားသော အခြားလမ်းပိုင်းများ တလျှောက်တွင်တည်ရှိသည်ဟု ဆိုသည်။
ထို့ပြင် မြိတ်-ထားဝယ်ခရိုင်တွင် အာဏာသိမ်းမှု နောက်ပိုင်း သိမ်းယူခဲ့သည့် စခန်း ၁၁ခုမှာ ယခင်နှစ်အတွင်း သိမ်းယူခဲ့ခြင်းဖြစ်ပြီး တောင်ပိုင်းဒေသတွင် ကရင့်အမျိုးသားအစည်းအရုံး KNU၏ စစ်ရေးလှုပ်ရှားမှုသိသိသာသာ တိုးတက်လာနေသည်ကို ဖော်ပြနေကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် လွန်ခဲ့သည့် လအတွင်းကပင် မဟာဗျူဟာမြောက်အရေးပါသည့် စစ်စခန်း အများအပြားဆုံးရှုံးခဲ့ကြောင်း၊ မြဝတီမြို့တောင်ဘက် ထိုင်းနယ်စပ်နယ်မြေမျဉ်းပေါ်ရှိအဓိကလက်နက်ကြီး အခြေစိုက်စခန်းဖြစ်သည့် စွယ်တော်ကုန်းအမြောက်စခန်းကို၂ဝ၂၄ အောက်တိုဘာ ၁၇ ရက်တွင် KNLAက သိမ်းနိုင်ခဲ့ကြောင်း KPSNက ဆိုသည်။
စစ်ကောင်စီ၏ နောက်ဆုံးခြေကုပ်စခန်းတခုဖြစ်သည့် ကော့ပူခြေလျင်တပ် စခန်းကိုလည်း အောက်တိုဘာ ၂၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁ ရက်တွင်လည်း သံလွင်မြစ် ဝိုင်းပတ်ထားသည့် ကစောဝါးလေး တောင်ထိပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။ ကစောဝါးလေး တောင်ထိပ်စခန်းသည် ၁၉၉၅ ခုနှစ် ဇန်နဝါရီတွင် နဝတအစိုးရက သိမ်းယူခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)အဓိကအခြေစိုက်ရုံးချုပ် မာနယ်ပလောစခန်း ဖြစ်ခဲ့ပြီး ယခု ကေအန်ယူက သမိုင်းတွင် ပထမဆုံးပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
စစ်တောင်းမြစ်ဝှမ်း၏ အရှေ့စွန်း တွင်ရှိသော တောင်များအပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေ ထိန်းချုပ်မှု အသာစီးရလာသည်နှင့်အမျှ နေပြည်တော်နှင့် ရန်ကုန်အကြား စစ်အုပ်စု၏ ဗဟို ဆက်သွယ်ရေးလမ်းကြောင်းကို ခြိမ်းခြောက်မှု မြင့် တက်လာနေကြောင်းလည်း KPSNက ထုတ်ပြန်သည်။

စစ်ကောင်စီ အဓိကခံစစ်နယ်မြေဖြစ်သည့်အလယ်ပိုင်းမြေပြန့်ဒေသနှင့် အခြေစိုက်စခန်းများသို့ အဓိကဆက်သွယ်ပေးသည့် ထောက်ပံ့ရေးလမ်းကြောင်း နယ်မြေနှင့်ခရိုင် အတော်များများကို KNLAက ပြန်လည်သိမ်းပိုက်ရရှိနိုင်ခဲ့ကြောင်းလည်း အသိပေးသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ နယ်မြေအတော်များများကိုတော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ထားကြောင်း၊ စစ်ကောင်စီသည် ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်နှင့် ဆက်စပ်နေသည့် ကရင်ပြည်နယ်မြောက်ပိုင်းနှင့် ကရင်နီပြည်နယ် ဆက်စပ်နယ်မြေ များကိုသာမက ထိုင်းနယ်စပ် တာ့က်ခရိုင်တောင်ပိုင်းနှင့်ဆက်စပ်နေသည့် မြဝတီမြို့တောင်ဘက်နယ်မြေ အများအပြားကိုလည်း ဆုံးရှုံးခဲ့ရဟု ဖော်ပြသည်။
စစ်ရှုံးစစ်ကောင်စီအနေဖြင့် အရပ်သားပြည်သူ များနေထိုင်သည့်အရပ်ဒေသများကို ပစ်မှတ်ထားပြီး လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့်တစ်နှစ်ကျော်အတွင်းတိုက်ခိုက်မှု သိသိသာသာတိုးလာကြောင်း KPSNက ဆိုသည်။
ထို့အပြင် မူတြော်နှင့် ဒူးပလာယာခရိုင်များတွင် စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှု လျော့နည်းသွားပြီး ဒူးသထူနှင့် တောအူးခရိုင်များတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုတိုးမြင့်လာကြောင်း၊ KNLA ထိန်းချုပ်နယ်မြေများ ဖြစ်လာသည့်ခလယ်လွီထူခရိုင်ရှိ မုန်းမြို့နှင့် ကျောက်ကြီးမြို့များတွင် စဉ်ဆက်မပြတ်တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ နှစ်ဆမြင့်တက်သွားခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီက ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အဦးများကို လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုတိုးမြှင့်လုပ်ဆောင်ခဲ့ရာဒေသခံလူစုလူဝေးနေရာများကို တိုက်ရိုက် ပစ်မှတ်ထား ဖြိုခွဲသည့်ပုံစံဖြင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုများ အမြင့်ဆုံးဖြစ်စေရန် အဓိကရည်ရွယ် လုပ်ဆောင်နေကြောင်း KPSNက ဖော်ပြသည်။
လေကြောင်းနှင့် လက်နက်ကြီးတိုးမြှင့် တိုက်ခိုက် မှုများက KNLA၏ စစ်ရေးတိုးချဲ့မှုကို မရပ်တန့် နိုင်စေခဲ့သော်လည်း အရပ်သားထိခိုက်ဒဏ်ရာရမှုများစွာ ဖြစ်ပွားစေခြင်းဖြင့် ကော်သူးလေခရိုင်များအတွင်း စစ်ရှောင် အရေအတွက်ကို ၁သန်းကျော်အထိ တိုးပွားသွားစေခဲ့သည်ဟု အသိပေးသည်။
ယခုနှစ်အတွင်း ရေဘေးနှင့် စစ်ဘေးရှောင် လာရသည့် ပြည်သူများကို နယ်စပ်အခြေစိုက် လူထု အခြေပြုအဖွဲ့အစည်းများက အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့ရေး ကြိုးပမ်းလုပ်ဆောင်ခဲ့ သော်လည်း နိုင်ငံတကာအလှူရှင်များ၏ ပံ့ပိုးကူညီမှု အားနည်းခြင်းကြောင့် ထိထိရောက်ရောက်မကူညီ နိုင်ခဲ့သည့် အပြင် တော်လှန်ရေးထိန်းချုပ်နယ်မြေများအထိ သွားရောက်ကူညီနိုင်ခြင်းမရှိဘဲ ရန်ကုန် အခြေစိုက်အေဂျင်စီများမှတဆင့် အကူအညီများကို ဆက်လက်ပို့ဆောင်ပေးနေရကြောင်းလည်း ဖော်ပြသည်။
KNLAသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များအပါအဝင် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး စစ်ကောင်စီကို စဉ်ဆက်မပြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်အာဏာသိမ်းပြီးနောက် KNU နယ်မြေများ၌ တိုက်ပွဲ သောင်းချီဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား သောင်းချီ ပြုန်းတီးအောင် တိုက်ခိုက်နိုင်ခဲ့သည်။
PDFများအပါအဝင် စစ်ကောင်စီကို ဆန့်ကျင်သူများအား စစ်သင်တန်းပေးခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများကို အကာအကွယ်ပေးခြင်းများလည်း ပြုလုပ်ခဲ့သည်။
