ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ ခရိုင်သုံးခုတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နှစ်လအတွင်း အရပ်သား(၅)ဦးထက်မနည်း သေဆုံးခဲ့ကြရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ပြောသည်။
ဒူးသထူခရိုင် တပ်မဟာ(၁)၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)တွင် ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း အရပ်သားပြည်သူ (၅)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုသည်။
” ဒီအရေအတွက်က ကျွန်တော်တို့က လက်လှမ်းမှီတဲ့ မှတ်တမ်းပြုစုချက်ပဲဖြစ်တယ်။ ထိခိုက်နစ်နာသေဆုံးမှုက ဒီထက်များပြားနိုင်တာပေါ့” ဟု စောနန္ဒဆူးက ပြောသည်။




ထို့အပြင် စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဆေးပေးခန်း၊ အရပ်သားပြည်သူနေအိမ်နှင့် ဘာသာရေးအဆောက်အဦးများအပါအဝင် အဆောက်အဦးပေါင်း(၂၈)လုံး ထိခိုက်ပျက်စီးသွားခဲ့သလို ဒေသခံများ၏ မော်တော်ယာဉ်နှင့် အိမ်မွေးတိရိစ္ဆာန်များလည်း ထိခိုက်ပျက်စီးသေကြေဒဏ်ရာရခဲ့ကြောင်း KHRG ၏ မှတ်တမ်းအရ သိရသည်။
ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းရှိ ဒေသခံတစ်ဦးက ခလယ်လွီထူခရိုင် ဆောထိ၊ လယ်ဒိုနှင့် မူးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူအပေါ် စစ်ကောင်စီတပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း ပြောသည်။

“ လက်နက်ကြီးတွေလည်း ထုကြတာပေါ့နော်။ ကျေးရွာထဲမှာကျတယ်၊ ရွာတွေအိမ်တွေပေါ်ကျပြီးတော့ အိမ်တွေမီးလောင်တာတွေရှိတယ်။ ရွာထဲကိုဝင်ပြီးတော့ ဟိုမွှေဒီမွှေ အဲ့လိုမျိုးလုပ်တာတွေ ရှိတယ်ပေါ့။ ရွာသားတွေဘာတွေ သတ်တာတွေရှိတယ်လေ” ဟု ၎င်းက ပြောသည်။
KNU နယ်မြေအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူဦးရေ(၅၃၀,၀၀၀)ကျော် ရှိပြီ လူသားချင်းစာနမှုအကူအညီများ လိုအပ်လျက်ရှိသည်ဟု ကရင်အရပ်ဘက်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည့် ကရင်ငြိမ်းချမ်းရေးကွန်ယက်(KPSN)အဖွဲ့မှ ထုတ်ပြန်ထားသည်။
“ အခြေခံစားဝတ်နေရေးဆိုတာ အရမ်းခက်ခဲတာမျိုးတွေကြုံရပါတယ်။ အရေးပေါ်ဆေးဝါးတွေ လိုအပ်တယ်။ ပြီးတော့မှ အမျိုးသမီးတွေ ကလေးလေးတွေအတွက် ကိုယ်ရေးကိုယ်တာသုံးစွဲရတဲ့ အရေးပေါ်ပစ္စည်းတွေလိုအပ်တယ်။ ဒါလက်ရှိရှင်သန်ဖို့အတွက်ကိုတောင်မှ ဒါတွေမဖြစ်မနေ လိုအပ်နေပါတယ်” ဟု စစ်ဘေးရှောင်ပြည်သူအခြေအနေနှင့်ပတ်သက်ပြီး ကရင်ဒေသခံတစ်ဦးက ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်မှ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်နေသောကြောင့် နယ်မြေအတွင်း လုံခြုံမှုမရှိတော့သည့်အပြင် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရမှုများ ရှိနေသလို လူသားချင်းစာနာထောက်ထားမှုအကူအညီလည်း ဆက်လက်လိုအပ်လျက်ရှိနေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့၏ ပြောဆိုချက်အရ သိရသည်။
