ဟန်နွေ/People’s Spring
ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ယနေ့ ဇူလိုင် ၂၅ရက် နံနက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
မိုးမောက်အခြေစိုက် စစ်ကောင်စီ ခမရ(၄၃၇) တပ်ရင်းကို KIA ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့နံနက်တွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာညပိုင်း၌ အဆိုပါတပ်ရင်းကို သိမ်းယူနိုင်ခဲ့ဟု စစ်ရေသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement
ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များကို ယနေ့မနက်အထိ တိုက်ခိုက်နေ၍ တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည်ဟုလည်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။
အခြားသတင်းရင်းမြစ်တစ်ဦးက ခမရ(၄၃၇) တပ်ရင်းကို ဆက်လက်တိုက်ခိုက်နေဆဲဟု ယနေ့ မနက်တွင် ပြောသည်။
“၄၃၇ မရသေးဘူး။ တိုက်နေတုန်း။ တိုက်ပွဲပြင်းထန်နေတယ်။ ရအောင်တိုက်မှာ”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းပစ်ကူပေး တိုက်ခိုက်မှု ရှိခဲ့သည်ဟု ဆိုသည်။
မိုးမောက်တိုက်ပွဲတွင် KIA၊ KPDFတပ်များအပြင် အာရက္ခတပ်တော်(AA)တပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေသည်ဟု သတင်းရင်းမြစ်က ပြောသည်။
ခမရ(၄၃၇)သိမ်းပိုက်နိုင်မှု ရှိမရှိနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းရာ ဖြေကြားရန် စောသေးကြောင်း ယနေ့နံနက်တွင် ပြောကြားသည်။
မိုးမောက်တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က ယနေ့နံနက် တွင် ရေးသားအသိပေးထားရာ KIAသည် မိုးမောက်မြို့အစွန်ရှိ ခမရ(၄၃၇)ကို သိမ်းလိုက်နိုင်ပြီဟု ဖော်ပြသည်။
“ခမရ(၄၃၇)ကို ကီယာ(KIA)တို့ အပီအပြင် ခြေကုပ်ယူ ထားနိုင်မယ်ဆိုရင် မိုးမောက်မြို့ကို ထိန်းချုပ်ပြီး ဖြစ်ပါပြီ။မိုးမောက် နဲ့ ဗန်းမော် စကခ ၂၁ ဆိုတာ မဝေးတော့ပါဘူး။ရှမ်းမြောက်၊ မန္တလေးနဲ့ တစ်ဆက် တည်းဖြစ်ဖို့ဆိုရင် ဗန်းမော်မြစ်ကျဉ်းဒေသရဲ့ အရှေ့ဘက်ခြမ်းဧရိယာဟာ ကီယာတို့အတွက် အသက်တမျှ အရေးကြီးလာပြီဖြစ်ပါတယ်။အသစ်ဖွင့်ထားတဲ့ ကီယာ တပ်မဟာမှူး ရဲ့ စစ်ရေး အခင်းအကျင်းလေး ဘယ်လိုရှိမလဲ စောင့်ကြည့်ရအောင်ဗျို့။စကခ ၂၁ ကလည်း ကြိုပြင်ထားပြီးဖြစ်မယ်လို့တော့ ထင်ပါတယ်။”ငါတို့ အလှည့်ဘယ်တော့လာမလဲ”ဆိုပြီးတော့ပေါ့”ဟု ဗိုလ်ကြီးဇင်ယော်က ရေးသားထားသည်။
မိုးမောက်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ တပ်စခန်းများကို KIAက မတ်လမှစ၍ အရှိန်မြှင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ခမရ(၄၃၇)တပ်ရင်းတစ်ခုသာကျန်တော့သည်။ အဆိုပါတပ်ရင်းကိုလည်း KIAက အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ရာ ယခု ဇူလိုင် ၂၄ရက်တွင် ထပ်မံထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
















































