ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၇ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဇူလိုင် ၁၈ရက်)က သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ချောင်းကြီးကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
“တော်တော်များများ ရွှေ့ကြတယ်။ တချို့တွေက မထွက်ကြတာ။ အဲဒီထဲကလူတွေအပစ်ခံရတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသည့် ဒေသခံပြည်သူ ၇ဦး၏ အသေးစိတ်အချက်အလက်များအား လူထုနွေဦးက ဆက်လက် စုံစမ်းနေသည်။
ယခုရက်ပိုင်းအတွင်း ချောင်းကြီး၌ ပစ်ခတ်သံအချို့လည်း ကြားရကြောင်း နယ်ခံအချို့က ဆိုသည်။
ချောင်းကြီးကျေးရွာ၌ စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားပြီး ဇွန်လကုန်ပိုင်းတွင် PDFများက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
ထိုအချိန်က စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ကူများကြောင့် ၃ရက်အတွင်း ချောင်းကြီးရွာနေ ကလေးတစ်ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးကာ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအချက်အလက်များကို စုဆောင်းထုတ်ပြန်ပေးနေသော ဥာဏ်လင်းသစ် သုတေသနအဖွဲ့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ရက်ပေါင်း ၁၂၁ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း (၈၁၉) ကြိမ်ရှိခဲ့ပြီး ပြည်သူ ၃၅၉ ဦးသေဆုံးကာ ၇၅၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ထိုကြောင့် စစ်အုပ်စုသည် ၁ ရက်လျှင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ပျမ်းမျှအနည်းဆုံး၆ ကြိမ်ပြုလုပ်နေခြင်းဖြစ်ပြီး တစ်ရက်လျင် ပြည်သူ ၃ ယောက်ခန့်ကို ဗုံးကြဲသတ်ဖြတ်နေခြင်းဖြစ်သည်။
