မိထက်/ People’s Spring
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နှစ်နေရာကို စစ်ကောင်စီတပ်ကလေကြောင်းမှဗုံးကြဲတိုက်ခိုက်သဖြင့်ဒေသခံပြည်သူ ၁၅ဦး ထက်မနည်းသေဆုံးကြောင်း ဒေသခံများကပြောသည်။
ကျိုက်မရောမြို့နယ်၊ လွှစင်ကုန်းကျေးရွာ နှင့် ငပုအင်းရွာသစ် ဘုန်ကြီးကျောင်းကို ယနေ့ (ဇူလိုင်လ၁၉ရက်)နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှဗုံးလေးလုံးကြဲခဲ့ ခြင်းဖြစ်သည်။

Public Service Announcement
“ဘာတိုက်ပွဲမှမရှိဘဲ နဲ့ လေကြောင်းကနေပစ်ချသွားတာပါ။ ငပုအင်းရွာဘုန်ကြီးကျောင်းဆို လုံးဝပျက်စီးသွားပါတယ်။ ဘုန်းကြီးကျောင်းကချက်ပြုတ်ရေးအဖွဲကလူတွေ အများဆုံးသေဆုံးတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
လတ်တလောတွင် အမျိုးသမီးအချို့အပါအဝင် ရုပ်အလောင်း ၁၃ လောင်းတွေ့ရှိထားပြီး ပျောက်ဆုံးနေသူများလည်းရှိသည်ဟု ဒေသခံများကပြောသည်။
ထိုအပြင် လွှစင်ကုန်းကျေးရွာလမ်းဆုံကိုလည်း ဗုံးကြဲတိုက်ခိုက်သွားရာ အရပ်သားနှစ်ဦးသေဆုံးကြောင်းသတင်းရရှိသည်။ လက်ရှိတွင် စစ်ကောင်စီလေကြောင်းမှထပ်မံတိုက်ခိုက်လာမည်စိုး၍ ဒေသခံများပြားဘေးလွတ်ရာထုတ်ပြေးနေကြသည်။
စစ်ကောင်စီသည် ယမန်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မဈေးအားလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားခုနစ်ဦးထက်မနည်းသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအချက်အလက်များကို စုဆောင်းထုတ်ပြန်ပေးနေသော ဥာဏ်လင်းသစ် သုတေသနအဖွဲ့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ရက်ပေါင်း ၁၂၁ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း (၈၁၉) ကြိမ်ရှိခဲ့ပြီး ပြည်သူ ၃၅၉ ဦးသေဆုံးကာ ၇၅၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ထိုကြောင့် စစ်အုပ်စုသည် ၁ ရက်လျှင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ပျမ်းမျှအနည်းဆုံး၆ ကြိမ်ပြုလုပ်နေခြင်းဖြစ်ပြီး တစ်ရက်လျင် ပြည်သူ ၃ ယောက်ခန့်ကို ဗုံးကြဲသတ်ဖြတ်နေခြင်းဖြစ်သည်။
