▪︎ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့်ခေါ်သွားသော သင်တန်းဆင်းစစ်သားများ ရခိုင်ပြည်နယ်တိုက်ပွဲသို့စေလွှတ်ခံရပြီးသေဆုံး၊ဒဏ်ရာရသူများ
စစ်ကောင်စီက စစ်သားသစ်အဓမ္မစုဆောင်းနေသည့်ပြည်သူ့စစ်မှုထမ်းဥပဒေကို ထိရောက်စွာအကောင် အထည်ဖော်ရန် အာဏာသိမ်းခေါင်းဆောင်က ညွှန်ကြားကြောင်း စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးကပြောသည်။
အာဏာသိမ်း ခေါင်းဆောင်၏ ညွှန်ကြားချက်ကို ဇူလိုင် ၁၂ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ စစ်ကောင်စီ၏ ကာ ကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
သတ်မှတ်အသက်မပြည့်မီသူနှင့် အသက်ကျော်လွန်သူများ၊ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကြပ်စာရင်းသွင်းခြင်း၊ အစား ထိုးပေးပို့မှုများ၊ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မသမာမှုများကို ကြပ် မတ်ရမည်ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ခေါင်းဆောင်က တင်အောင်ဆန်းက ဆိုသည်။

Public Service Announcement
ထို့အပြင် ပြည်သူ့စစ်မှုထမ်းသင်တန်းများအတွက် သတ်မှတ်လျာထားချက်များအတိုင်း ပြည့်မီရေးအလေးထား ကြိုးပမ်းရန် ၎င်းက သတိပေးသည်။
“ပထမအသုတ် တုန်းက လျာထားချက် ၅,၀၀၀ ပြည့်မီတယ်။နောက်ပိုင်း ဒုတိယအသုတ်နဲ့ တတိယအသုတ်တွေကျတော့ ၄,၀၀၀ နဲ့ ၄,၀၀၀ အောက်ကျသွားတယ်။ နောက်ပြီး သင်တန်းကျောင်းတွေကနေ ထွက်ပြေးတဲ့သူတွေလည်း ရှိခဲ့တယ်။နောက်ပြီး အပတ်စဥ် ၄ က မကြာခင် စတော့မှာ”ဟု တပ်တွင်းသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောကြားသည်။
လူထုနွေဦး စုံစမ်းရရှိသောအချက်အလက်များအရ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း အပတ် စဉ် ၁ ဆင်း တပ်သားသစ်များကို ရှေ့တန်းစစ်မျက်နှာစာသို့ ပို့ ဆောင်နေပြီး မိသားစုဝင်များနှင့်ပါ အဆက် အသွယ်ဖြတ်တောက်ထားသည်။ စစ်မှုထမ်းရန်ခေါ်ဆောင်ချိန်တွင် ရှေ့တန်းသို့ပို့မည်မဟုတ်ဟု စစ်ကောင်စီနှင့် စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ဆိုခဲ့သော်လည်း ရခိုင်ပြည်နယ်တိုက်ပွဲများသို့
အပါတ်စဥ် ၁ သင်တန်းဆင်းများစေလွှတ်ခံရပြီး သေဆုံးဒဏ်ရာရသူအများအပြားရှိကြောင်း စုံစမ်းသိရသည်။ သံတွဲမြို့တိုက်ပွဲတွင်လည်း အပါတ်စဥ် ၁ သင်တန်းဆင်းစစ်သားများစွာပါဝင်နေကြောင်း သတင်းရရှိသည်။
ထို့အပြင် ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများမှာ ထွက်ပြေးတိမ်ရှောင်မှုနှင့်အတူ နိုင်ငံစွန့်ခွာသွားသည့် လူငယ်အများအပြားရှိလာပြီး နောက်စစ်ကောင်စီက နိုင်ငံအဝန်း ပေါ်ပေါ်ထင် အဓမ္မ စစ်သားသစ်များစု ဆောင်းနေကြောင်းဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
“အိမ်ကသား ကတော့ ကျွန်မကို ရပ်ကွက်ရုံးမှာ လက် မှတ်ထိုးခိုင်းကတည်းက အသေမခံနိုင်ဘူးဆိုပြီး ထွက် ပြေးသွားတယ်။ရပ်ကွက်ရုံးက ကောင်တွေက အဲဒါကို သိတော့ တစ်လ သုံးသောင်းခွဲပေးဆိုတော့ ပေးနေရတာပေါ့”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးကလည်း ပြော သည်။
စစ်ကောင်စီက နိုင်ငံတဝန်းတိုက်ပွဲအများစုတွင် စစ်ရှုံးပြီး သေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊လက်နက်ချသူ ၊ အလင်းဝင်သူ များပြီး စစ်သားသစ်စုဆောင်းရန် ခက်ခဲနေချိန်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် စစ်မှုမထမ်းမနေရ သော ဥပဒေကို ပြဌာန်းပြီး အာဏာတည်စေကြောင်း အာဏာသိမ်း စစ်ကောင်စီ က ထုတ်ပြန်ခဲ့သည်။
အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသား တိုင်းကို ၂ နှစ် စစ်မှုထမ်းဖို့ ဆင့်ခေါ် နိုင်ပြီး တိုင်းပြည် အရေးပေါ်အခြေအနေဆိုပါက ၅ နှစ် အထိ စစ်တပ်က လိုသလို ခိုင်းစေနိုင်ရန် ပြဌာန်းထားသည်ကိုတွေ့ရသည်။
