Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဗဟိုဘဏ် ကျားကန်ပေးနေတယ်လို့ တာနဲလ်ဆို၊ ထိရောက်တဲ့ ပိတ်ဆို့ အရေးယူမှု လုပ်ဆောင်ဖို့ တိုက်တွန်း

CBMဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ဝင်ရောက်မှု အဓိက ရင်းမြစ်တစ်ခုလည်း ဖြစ်နေပြီး ငွေလဲလှယ်မှု ကြီးကြပ်ရေး ကော်မတီနဲ့ ပူးပေါင်းပြီး ပြည်ပကနေ စစ်လက်နက်တွေ ဝယ်ယူဖို့ လိုအပ်တဲ့ နိုင်ငံခြားငွေကြေးကို စုဆောင်း ရှာဖွေပေးနေပြန်ပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဗဟိုဘဏ် ကျားကန်ပေးနေတယ်လို့ တာနဲလ်ဆို၊ ထိရောက်တဲ့ ပိတ်ဆို့ အရေးယူမှု လုပ်ဆောင်ဖို့ တိုက်တွန်း
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဗဟိုဘဏ် ကျားကန်ပေးနေတယ်လို့ တာနဲလ်ဆို၊ ထိရောက်တဲ့ ပိတ်ဆို့ အရေးယူမှု လုပ်ဆောင်ဖို့ တိုက်တွန်း

မြန်မာ ပြည်သူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ ဖိနှိပ်အုပ်စိုးမှု ယန္တရားကို သက်တမ်းဆွဲဆန့်ပေးရာမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် (CBM)ရဲ့ အထောက်အပံ့တွေက ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်လို့ ဒီမိုကရေစီ အစိုးရ လက်ထက်တုန်းက စီးပွားရေး အကြံပေး ပညာရှင်အဖြစ် တာဝန်ယူခဲ့သူ ရှောင်တာနဲလ်က ထောက်ပြခဲ့ပါတယ်။ ဩစတြေးလျ နိုင်ငံသား စီးပွားရေး ပါမောက္ခဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးပြီး အာဏာသိမ်းကာလ အစောပိုင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် မြန်မာ့စီးပွားရေး ဆက်တိုက် ဆုတ်ယုတ် ယိုယွင်းလာချိန်မှာ စစ်တပ် ဩဇာခံ CBMက ပုဂ္ဂလိက ဘဏ်တချို့ကို အရေးယူခဲ့တဲ့ ဖြစ်စဉ်ကြောင့် ပြည်သူတွေကြား ကျီးလန့်စာစား ပိုဖြစ်ပြီး ဘဏ်စုငွေတွေကို ထုတ်ယူကြရာက ပြည်တွင်းဘဏ်တွေမှာ ငွေသားပြတ်လပ်မှု ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။ တာနဲလ်က CBMဟာ စစ်တပ်ရဲ့ ဖိနှိပ်မှု ယန္တရားတစ်ခု ဖြစ်နေရုံသာ မကဘဲ စစ်ကောင်စီရဲ့ အသက်ဆက်မှုကို ဘဏ္ဍာရေးအရ ကျားကန်ပေးဖို့၊ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကို ရှောင်ကွင်းနိုင်ဖို့ အကူအညီတွေ ပေးနေတယ်လို့လည်း USIPမှာ ရေးသားထားတဲ့ အတွေးအမြင် ဆောင်းပါးမှာ ထောက်ပြထားခဲ့ပါတယ်။ CBMကို ထိရောက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ လုပ်နိုင်မယ်ဆိုရင် စစ်ကောင်စီက လူထုကို နှိပ်စက်နေတာ၊ ဒုက္ခပေးနေတာတွေကို သိသိသာသာ အားလျော့သွားစေလိမ့်မယ်လို့လည်း သူက အကြံပြုထားပါတယ်။

တာနဲလ်ရဲ့ အဆိုအရ စီးပွားရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အားလုံးအတွက် ဘဏ္ဍာရေးကဏ္ဍမှာ CBMအပေါ် ၇၀ ရာခိုင်နှုန်းလောက် ကြီးကြီးမားမား မှီခိုနေရတယ်လို့ သိရပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် အခွန်ငွေ ရရှိမှု လျော့နည်းသွားတာ၊ စစ်သုံးစရိတ် ကြီးမားလာတာတွေကြောင့် မြန်မာ့ စီးပွားရေး လိုငွေပြမှုဟာ ၇၀ ရာခိုင်နှုန်းကျော်လောက်ထိ ကျယ်ပြန့်လာပြီး အဲဒီ ပြဿနာကို CBMက အဓိက ကုစား ဖြေရှင်းပေးနေပါတယ်။ ကမ္ဘာတလွှားက ဗဟိုဘဏ်တွေဟာ ငွေကြေးရိုက်နှိပ် ထုတ်ဝေမှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်လေ့ ရှိပေမယ့် CBMနဲ့ စစ်ကောင်စီကတော့ လိုငွေပြဿနာကို ငွေစက္ကူ အသစ်ကျပ်ချွတ်တွေ ဒလဟော ရိုက်ထုတ် ဖြေရှင်းခြင်းကြောင့် ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှု အရမ်းဆိုးရွားလာသလို အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုးက ဆိုးဆိုးရွားရွား ကျဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကနဲ့ အစိုးရပိုင် ဘဏ်တွေဟာ စစ်ကောင်စီက အတင်းထိုးရောင်းတဲ့ ငွေချေးစာချုပ်တွေကို CBMရဲ့ ဖိအားပေးမှုနဲ့အတူ ဝယ်ယူနေရပြီး စစ်တပ်အတွက် လက်နက်ဖြည့်တင်း တပ်ဆင်နိုင်အောင် အထောက်အပံ့ ပေးနေရပါတယ်။

CBMဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ဝင်ရောက်မှု အဓိက ရင်းမြစ်တစ်ခုလည်း ဖြစ်နေပြီး ငွေလဲလှယ်မှု ကြီးကြပ်ရေး ကော်မတီနဲ့ ပူးပေါင်းပြီး ပြည်ပကနေ စစ်လက်နက်တွေ ဝယ်ယူဖို့ လိုအပ်တဲ့ နိုင်ငံခြားငွေကြေးကို စုဆောင်း ရှာဖွေပေးနေပြန်ပါတယ်။ ၂၀၂၀ တုန်းက မြန်မာနိုင်ငံမှာ အပိုဆောင်း နိုင်ငံခြားငွေ သိုလှောင်မှု ဒေါ်လာ ၇ ဘီလီယံလောက် ရှိခဲ့ရာကနေ စစ်ကောင်စီ ဂြိုဟ်မွှေခဲ့တဲ့နောက် အခုအခါ ဒေါ်လာ ၃.၅ ဘီလီယံလောက်ထိ လျော့ကျသွားပါတယ်။ ဒီအတောအတွင်း CBMဟာ နိုင်ငံသားတွေ၊ စီးပွားရေး လုပ်ငန်းတွေရဲ့ လက်ဝယ်မှာ ရှိနေတဲ့ အမေရိကန် ဒေါ်လာကို မြန်မာကျပ်ငွေနဲ့ မဖြစ်မနေ လဲလှယ်ဖို့ အတင်းအကျပ် ဖိအားပေးတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံခြား ချေးငွေတွေ ပြန်ဆပ်မှုကို ဆိုင်းငံ့စေတာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်တာတွေဟာ စစ်ကောင်စီအတွက် ဒေါ်လာတွေ မပွန်းပဲ့စေရေး ဦးတည်ချက် တစ်ခုတည်းအတွက် ရည်ရွယ်ခဲ့ပြီး နိုင်ငံစီးပွားရေးကတော့ နွံထဲ နစ်သထက် နစ်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

CBMဟာ အာဏာသိမ်း စစ်ကောင်စီအပေါ် တင်းတင်းကျပ်ကျပ် ပစ်မှတ်ထားလာတဲ့ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ ရှောင်ထွက်ဖို့ ဦးစီးဦးဆောင် ကြိုးစားပေးနေပါတယ်။ ဒေါ်လာလက်ကျန် နည်းလာတဲ့ စစ်ကောင်စီအတွက် ဝန်ထုပ်ဝန်ပိုး လျော့စေဖို့ ကုန်သွယ်မှုတွေမှာ တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေ၊ ရုရှားရူဘယ်လ်ငွေတွေ အစားထိုး သုံးစွဲဖို့ တက်တက်ကြွကြွ ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ကုန်သွယ်ဖက်တွေက ငွေမာဖြစ်တဲ့ ဒေါ်လာကိုသာ အလိုရှိတာကြောင့် အဲဒီဆွေးနွေးမှုတွေဟာ လက်တွေ့ အထမြောက်တဲ့ အနေအထားထိ မရောက်နိုင်ခဲ့ပါဘူး။

CBMဟာ ငွေကြေးနဲ့ ဘဏ္ဍာရေး ကိစ္စတွေကိုသာ ကြီးမှူးနေတာ မဟုတ်ဘဲ စစ်ကောင်စီရဲ့ ထောက်လှမ်းရေး ယန္တရား တစ်ခုအဖြစ်ပါ အသုံးတော် ခံနေသေးတယ်လို့ တာနဲလ်က ထောက်ပြထားခဲ့ပါတယ်။ ဘဏ္ဍာရေး စီမံခန့်ခွဲမှု နည်းပညာတွေကို အသုံးပြုပြီး CBMက ငွေကြေးလွှဲပြောင်းမှုတွေကို ထောက်လှမ်း စောင့်ကြည့်တာ၊ တော်လှန်ရေး အင်အားစုတွေကို ဖြိုခွင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အရင်က အလားအလာကောင်းပြီး လူထုကြား သုံးစွဲမှု တိုးပွားလာတဲ့ မိုဘိုင်း ငွေကြေး လွှဲပြောင်းမှုတွေဟာ အခုတော့ အုပ်ချုပ်သူ လူတန်းစားရဲ့ ထောက်လှမ်းရေး ကိရိယာတွေအသွင် ပြောင်းလဲသွားပါတယ်။ CBMရဲ့ စနက်ကြောင့် အတိုက်အခံ အင်အားစုတွေနဲ့ ဆက်နွှယ်သူတွေရဲ့ ထောင်သောင်းချီတဲ့ ငွေစာရင်းတွေ ပိတ်ပင်ခံရတာ၊ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဘဏ်တွေနဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေဟာလည်း သုံးစွဲသူတွေရဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်ဖို့ ဗဟိုဘဏ်ဆီက ဖိအားပေး ညွှန်ကြားမှုကို ခံထားရပါတယ်။

တော်လှန်ရေးကို ဖြိုခွင်းဖို့အတွက် ဘဏ္ဍရေးဆိုင်ရာ နည်းပညာတွေကို မိုက်ကြေးခွဲ အသုံးပြုနေပေမယ့် အဲဒီနည်းပညာတွေနဲ့ ဆက်နွှယ်တဲ့ ရာဇဝတ်တွေ၊ ဥပဒေပြင်ပ လှုပ်ရှားမှုတွေကိုတော့ ဗဟိုဘဏ်က မျက်ကွယ် ပြုထားပါတယ်။ အရင်က အဲဒီ ရာဇဝတ် အဝန်းအဝိုင်းကို ဖြိုခွင်းဖို့ အားထုတ်မှုတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီ လက်ထက်မှာတော့ လုံးဝ မျက်ကွယ်ပြုထားလိုက်ပါတယ်။ အဲဒီအခြေအနေဟာ ရှုပ်ထွေးတဲ့ ဆိုက်ဘာ ရာဇဝတ်မှုတွေနဲ့ ပေါင်းစည်းသွားတဲ့ အခါမှာတော့ မြန်မာဟာ Financial Action Taskforceရဲ့ နာမည်ပျက် စာရင်းထဲမှာ အီရန်၊ မြောက်ကိုရီးယားတို့နဲ့အတူ ပါဝင်သွားပါတော့တယ်။

တာနဲလ်က စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေး ယန္တရားတွေ လည်ပတ်အောင် ခိုင်ခိုင်မာမာ ထောက်ပံ့ပေးနေတဲ့ CBMကို ထိရောက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ ရုရှား၊ အီရန်၊ အာဖဂန် နစ္စတန်တို့မှာ ကြုံရသလို CBMအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ရှိလာရင် စစ်ကောင်စီလည်း သေချာပေါက် အခက်ကြုံပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အားလျော့သွားနိုင်တယ်လို့ တာနဲလ်က သုံးသပ်ပြထားခဲ့ပါတယ်။ တစ်ဖက်မှာတော့ သာမန် ပြည်သူတွေရဲ့ ဘဝကို ထိခိုက်စေတဲ့ သက်ရောက်မှုတွေလည်း ရှိနိုင်ပေမယ့် လက်တွေ့အားဖြင့် စစ်ကောင်စီဟာ CBMကို အသုံးချပြီး လူထုကို ဒုက္ခပေးနေပြီးသား ဖြစ်တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဘဏ္ဍာရေး အခြေခံ အုတ်မြစ်ကို ထိထိရောက်ရောက် အရေးယူ ပိတ်ဆို့ခြင်းဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုတွေကို ပြန်လည် ဆောင်ယူဖို့ အားထုတ်မှုတွေအတွက် အထောက်အပံ့ကောင်း ဖြစ်စေလိမ့်မယ်လို့ တာနဲလ်က သုံးသပ်ထားခဲ့ပါတယ်။

ကိုးကား: USIP

ဆက်စပ်သတင်းများ

သတင်း

ဗီဒီယိုတွေထဲက ပုံရိပ်တွေအရ နှိပ်စက်ညှင်းပန်းမှု၊ ရိုက်နှက်မှု၊ ရှော့ရိုက်မှု၊ လိင်အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်မှုစတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာ၊ အမျိုးသမီး ၂ ဦး အပါအဝင် ထိန်းသိမ်းခံရသူ ၄၈ ဦးလောက် ရှိနေတာတွေကို ဆန်းစစ် အတည်ပြုနိုင်ခဲ့တယ်လို့လည်း Fortify Rightsက ဖော်ပြသွားခဲ့ပါတယ်။

သတင်း

စင်ကာပူရဲ့ လုပ်ဆောင်ချက်တွေကို နမူနာယူဖို့ လိုကြောင်း၊ မြန်မာပြည်သူတွေကို စစ်တပ်က သတ်ဖြတ်တဲ့ လုပ်ရပ်တွေမှာ ထိုင်းဘဏ်တွေက အားပေးအားမြှောက် သဘောမျိုး ပါဝင်နေတာကို လုံးဝ လက်ခံလို့ မဖြစ်နိုင်ကြောင်း သူက ထောက်ပြသွားပါတယ်။

သတင်း

စစ်ကောင်စီ၏ ဒုခေါင်းဆောင်စိုးဝင်းက တရုတ်ခရီးစဉ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည် ပြောဆိုမှုရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

သတင်း

လားရှိုးမြို့တွင်လည်း ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ခဲ့သော်လည်း TNLA၏ စစ်ရေး သတင်းထုတ်ပြန်ချက်တွင် လားရှိုးတိုက်ပွဲအခြေအနေ ဖော်ပြမထားပေ။