ဂျပန်နိုင်ငံမှာ တာဝန်ချ ခံထားရတဲ့ အမေရိကန် စစ်သား တစ်ဦးဟာ သက်ငယ် မုဒိမ်းမှု စွပ်စွဲချက်နဲ့ ဖမ်းဆီး ခံထားရပါတယ်။
အရှေ့အာရှ ဒေသတွင်းမှာ အမေရိကန်ရဲ့ အကြီးမားဆုံး စစ်အခြေစိုက် စခန်း တည်ရှိရာ အိုကီနာဝါမှာ အဲဒီ အမေရိကန် စစ်သားက အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကို မုဒိမ်းကျင့်ခဲ့တာလို့ ဂျပန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အရင်ကတည်းက အိုကီနာဝါမှာ အမေရိကန် တပ်စခန်း ဖြန့်ကျက်ထားမှုကို ဒေသခံတွေ အများအပြားက ကန့်ကွက်နေချိန်မှာ အခုပြဿနာကြောင့် တင်းမာမှုတွေ ပိုဆိုးလာနိုင်ခြေ ရှိပါတယ်။ အိုကီနာဝါ ကျွန်းစုတွေမှာ စုစုပေါင်း ဂျပန်ရောက် အမေရိကန် တပ်ဖွဲ့ဝင် ၅၄၀၀၀ ရဲ့ ထက်ဝက်ကျော်လောက် ဖြန့်ကျက်ထားတာ ဖြစ်ပါတယ်။
အရင်ကလည်း အိုကီနာဝါမှာ အမေရိကန် စစ်သားတွေနဲ့ ဆက်စပ်တဲ့ လိင်အကြမ်းဖက်မှု ပြဿနာတွေ ဖြစ်ပေါ်ခဲ့ဖူးပြီး အထင်ရှားဆုံး တခုက ၁၉၉၅ ခုနှစ်မှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေး တဦးကို အမေရိကန် စစ်သား ၃ ယောက်က မုဒိမ်းကျင့်ခဲ့ခြင်းပါ။ အဲဒီတုန်းက ဂျပန်မှာ လတွေနဲ့ချီ ကြာမြင့်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

Public Service Announcement
အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ စွပ်စွဲချက်မှာတော့ သားကောင်ဖြစ်ခဲ့တဲ့ မိန်းကလေးဟာ ဂျပန်မှာ အသက်ပြည့်တယ်လို့ သတ်မှတ်တဲ့ ၁၆ နှစ် အရွယ်ထက် ပိုငယ်တယ်လို့ ဆိုပါတယ်။ အဲဒီ မိန်းကလေးကို မနှစ်က ဒီဇင်ဘာ ၂၄ ရက်နေ့တုန်းက အသက် ၂၅ နှစ်အရွယ် အမေရိကန် လေတပ်သား တစ်ဦးက စော်ကားခဲ့တာလို့ ဆိုပါတယ်။ မိန်းကလေးရဲ့ မိသားစုရဲ့ တိုင်ကြားမှုကြောင့် လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ပြန်လည် စစ်ဆေးပြီးတဲ့နောက် ဖြစ်စဉ်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အဲဒီစစ်သားကို မတ်လနှောင်းပိုင်းမှာ စွဲချက်တင်ပြီး ဂျပန်အာဏာပိုင်တွေက ထိန်းသိမ်းထားခဲ့ပေမယ့် အခု သီတင်းပတ် အစောပိုင်းမှာမှ ဂျပန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ယိုရှီမာဆာ ဟာယာရှီက ပြည်သူတွေဆီ အသိပေး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒါမျိုးထပ်မဖြစ်အောင် အမေရိကန်ဖက်က အစွမ်းကုန် ထိန်းသိမ်းပေးဖို့လည်း ဂျပန်အစိုးရက တောင်းဆိုထားတယ်လို့ ဟာယာရှီက ဆိုပါတယ်။ အခုဖြစ်ရပ်ဟာ စက်ဆုပ်စရာ ကောင်းရုံ၊ မိန်းကလေးရဲ့ ဂုဏ်သိက္ခာကို ညစ်နွမ်းရုံသာ မကဘဲ နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ယုံကြည်မှုကိုပါ အတိုင်းအတာ တစ်ခုထိ ထိခိုက်စေခဲ့ကြောင်း အိုကီနာဝါ အုပ်ချုပ်ရေးမှူး ဒန်နီ တာမာကီကလည်း ဝေဖန်သွားခဲ့ပါတယ်။
အိုကီနာဝါ ကျွန်းစုတွေမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ ဒုတိယ ကမ္ဘာစစ် အပြီးကတည်းက တပ်စွဲထားပြီး အရေအတွက် ၃၀၀၀၀ ဝန်းကျင်လောက်ထိ ရှိနေတယ်လို့ သိရပါတယ်။
ကိုးကား: BBC
