မက်ကစံ/People’s Spring
ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ရှေ့တိုးရန်ကြိုးပမ်းလာ၍ ယမန်နေ့က တနေကုန်တိုက်ပွဲဖြစ်ပွားရာ အထိနာပြီး ပြန်ဆုတ်သွားကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇူလိုင် ၁ရက်တွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ကာကင်းစခန်း ဆက်သွယ်ရေးမြောင်းအထိရောက်ရှိလာ၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“စကစက တက်လာတော့ တနေကုန်တိုက်ပွဲဖြစ်တယ်ပြောတယ်။ စကစရဲ့ အလောင်းနှစ်လောင်းနဲ့ သေနတ်၂လက်ကျန်ခဲ့တယ်ပြောတယ်။ ကိုဒါဘောပြောတာတော့ စကစအတော်လေးအထိနာတယ်ပြောတယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
အောင်ဇေယျစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကြောင်းထိုးရှေ့တိုးလာခြင်းမရှိဘဲ အယောင်ပြပုံစံဖြင့်သာ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေခဲ့သည်။
ဇွန်လ ၃ရက်ညက တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဇွန်လအတွင်း အင်အားအလုံးအရင်းဖြင့် ရှေ့တိုးရန်စစ်ကြောင်းထိုးလာခြင်းမရှိတော့ဘဲ အင်အား ၂၀ကျော်ဖြင့် ဟန်ပြစစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများသာ ပြုလုပ်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။
ထိုအပြင် တင့်ကားနှင့် ယာဥ်အန္တယားများတိုက်ခိုက်ဖျက်ဆီးခံရပြီးနောက်ပိုင်းတွင်လည်း ပါရှိသော တင့်ကားများနှင့် ယာဥ်များအား နောက်တန်းတွင်သာထားရှိပြီး လူအင်အား အနည်းငယ်ဖြင့်သာ စစ်ကြောင်းထိုးရန် ရှေ့တိုး၊နောက်ဆုတ်အယောင်ပြပြုလုပ်တောကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် သေဆုံးမှု ၂၀၀ ကျော်အထိရှိနေပြီး အင်အား ၁,၀၀၀ခန့်ဖြင့် ချီတက်စစ်ကြောင်းထိုးလာသောသည် လက်ရှိတွင် တိုက်ခိုက်ရေးအဖြစ် အင်အား ၅၀၀ခန့်သာ ကျန်ရှိမည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။
မြဝတီမြိုကို စစ်ကူပိုရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆိုသော နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး”ဟုအမည်ပေး၍ အင်အားရာ၊ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်မှ ချီတက်ခဲ့သည်။ ၄ရက်ဖြင့် မြဝတီ အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ဇွန်လ ၆ရက်က နှစ်လပြည့်ခဲ့ပြီး ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
အာရှလမ်းမကြီးအား အပြည့်အဝထိန်းချုပ်ရန်နှင့် မြဝတီမြိုအား ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသော အောင်ဇေယျစစ်ကြောင်းအား အမှတ်(၂) စစ်ဒေသ(တောင်ပိုင်းတိုင်း) အမှတ်(၃)စစ်ဒေသခွဲမှကွပ်ကဲပြီး ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက တားဆီးတိုက်ခိုက်နေခြင်း ဖြစ်သည်။
