မိထက်/People’s Spring
မိုးကုတ် – မန္တလေးလမ်းတစ်လျှောက် နေရာအများအပြား တိုက်ပွဲပြင်းထန်နေပြီး ခရီးသွားများရောက်ရာနေရာ၌ ရပ်တန့်ပေးထားကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်ရှိပိတ်မိနေသူအချို့က ပြောသည်။
” ကိုယ့်မြို့မှာပဲ ကိုယ်နေသင့်ပါတယ်။ မန္တလေးကိုမတက်ခဲ့သင့်သေးဘူး။ လမ်းတောက်လျှောက် မှာတိုက်ပွဲပြင်းထန်နေပါတယ်”ဟု မိုးကုတ် – သပိတ်ကျင်းလမ်းပိုင်း၌ ပိတ်မိနေသည့်ခရီးသွားတစ်ဦးက ပြောသည်။
မန္တလေး – မိုးကုတ်ကားလမ်းရှိ မတ္တရာ၊စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်လမ်းပိုင်းများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဟု သိရသည်။ အဆိုပါ လမ်းပိုင်းရှိ စစ်ကောင်စခန်းအချို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement
မိုးကုတ်မြို့တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့ခံများသည် မန္တလေးသို့သွားရောက်တိမ်းရှောင်ရန် ကြိုးစားနေကြသည်။
ယခုအခြေအနေသည် မြို့ပြင်သို့ထွက်ရန်မလွယ်ကြောင်းနှင့် အန္တရာယ်ပိုကြီးကြောင်း လမ်းခုလတ်၌ ပိတ်မိနေသူတစ်ဦးက ပြောသည်။
” တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်နေတာပါ။ စစ်ကောင်စီကလေကြောင်းသုံးတာတွေလည်းရှိနေတယ်။ ကိုယ့်အိမ်မှာ ကိုယ်နေတာကအန္တရာယ်အကင်းဆုံးဖြစ်မယ်လို့ ကျွန်မတို့ထင်တယ်”ဟု မိုးကုတ်မြို့မှာထွက်ခွာလာပြီး စဥ့်ကူးမြို့အနီး၌ပိတ်မိနေသူတစ်ဦးက ပြောသည်။
ယမန်နေ့(ဇွန်လ ၃၀ရက်)က မိုးကုတ်မြို့မှထွက်ခွာလာသည့် အိမ်စီးကားတစ်စီး မြို့အထွက်တွင် ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိခဲ့သည်။
လမ်းတစ်လျှောက်၌ သိမ်းမိနေသည့်ကားအစီးရေ ရာချီရှိသည်ဟု ခရီးသွားအချို့က ပြောသည်။
မန္တလေး-မိုးကုတ်ကားလမ်းနှင့် မန္တလေး-မြစ်ကြီးနား ကားလမ်းကို ည ၇နာရီမှ မနက် ၆နာရီအတွင်း ခရီးသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပြင်ဦးလွင်ခရိုင်)က ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းစတင်သည့် ဇွန်လ ၂၅ ရက်မှစ၍ အရေးပေါ် သတိပေးချက်ထုတ်ပြန်ထားသည်။
သို့သော် လတ်တလောစစ်ရေးအခြေအနေအရ ယင်းလမ်းပိုင်းများကို နေ့ရောညပါအသုံးမပြုသင့်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။
