ဟန်နွေ/People’s Spring
တအာင်းတပ်မတော်(TNLA)နှင့် မဟာမိတ်တပ် များတိုက်ခိုက်သည့် စစ်ဆင်ရေးကို ဇွန်လ ၂၅ရက်တွင်စတင်ခဲ့ရာ တစ်ပတ်တာအတွင်း စစ်ကောင်စီတပ်စခန်းကြီး၊ ငယ် ၃၁ခုသိမ်းရထားကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယနေ့ (ဇူလိုင် ၁ရက်)ပြောသည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)ဟု အသိပေးကာ TNLA နှင့် မဟာမိတ်တပ်များက ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုးမိတ်၊ သီပေါစသည့် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှု အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရာ လွေးယေဦးက စခန်း ၃၁ခု သိမ်းရထားပြီးဖြစ်ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

စစ်ဆင်ရေး ၇ရက်မြောက်ဖြစ်သည့် ဇူလိုင် ၁ရက် စစ်ရေးအခြေအနေကို ထပ်မံ မေးမြန်းထားဆဲဖြစ်သည်။

Public Service Announcement
ယမန်နေ့ညပိုင်းအထိ စစ်ရေးသတင်းများအရ TNLAနှင့် မဟာမိတ်တပ်များဖြစ်သည့် မန္တလေး PDF၊ PDF မိုးကုတ်ဗျူဟာ၊ ဓနု DPLA တပ်၊ PDF (၅၁၃) တပ်၊ မိုးကုတ် ပကဖ ၊ PLAစသည် တပ်များသည် နောင်ချို၊ မိုးကုတ်၊ မိုးမိတ် ရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက် တိုက်ခိုက်လျက်ရှိသည်။

စစ်ဆင်ရေး တစ်ပတ်တာအတွင်း စစ်ကောင်စီ ဗျူဟာစခန်း၊ တပ်ရင်းဌာနချုပ်အချို့၊ ရဲစခန်း၊ စစ်ဆေးရေးဂိတ်၊ တံတား လုံခြုံရေး တပ်စခန်းနှင့် ရှေ့တန်းစခန်းများကို မဟာမိတ် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းများ ၊ စစ်လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိထားသည်။
စစ်ကောင်စီဘက်ကလည်း လေကြောင်း ၊လက်နက်ကြီးပစ်ကူပေးခြင်း၊ လားရှိုးမြို့အဝင် တံတားများကို ဖျက်တောက်ပြီး ရမခ စစ်တိုင်း (အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) လုံခြုံရေးအတွက် စစ်ရေးပြင်ဆင်မှုများ ဆက်လုပ်နေသည်။

ထို့ပြင် အရပ်သားပြည်သူနေထိုင်ရာနေရာများကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူ ၂၂ဦးထက်မနည်း သေဆုံးကာ ၃၀ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဘာသာရေးအဆောက်အဦများ အပါအဝင် နေအိမ်များစွာထိခိုက်ပျက်စီးခဲ့သည်။
တိုက်ပွဲနှင့် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများစွာလည်း စစ်ဘေးတိမ်းရှောင်နေကြရသည်။
