လက်နက်မျိုးစုံ အလက် ၅၀ကျော်နှင့် ခဲယမ်းများရရှိပြီး စစ်သုံ့ပန်း ၁၇ဦးဖမ်းမိ
ကျောက်မဲနှင့် နောင်ချိုမြို့ကို ဝင်ရောက်နေရာယူထားဟု TNLAပြော
၁၀၂၇စစ်ဆင်ရေး အပိုင်း(၂)ကို မြို့နယ် ၅ခု၌ ဖော်ဆောင်ခဲ့ရာ စစ်ဆင်ရေး နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၂၄ခု၊ စစ်သုံ့ပန်း ၁၇ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ညပိုင်းထုတ်ပြန်သည်။
နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစသည့်မြို့နယ်များတွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တိုက်ပွဲဖော်ဆောင်ရာတွင် နှစ်ရက်တာအတွင်း ကျောက်မဲ၊ နောင်ချိုနှင့် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီ ရဲစခန်း၊ တပ်စခန်း ဗျူဟာကုန်း များနှင့် စစ်ကောင်စီတပ်စွဲရာနေရာများ သိမ်းရခဲ့သည်ဟု ဆိုသည်။

ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂)အမြောက် တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသည့် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
နောင်ချိုမြို့နယ်ရှိ ရမခ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများကို သိမ်းပိုက်ရရှိခဲ့သည်ဟု အသိပေးသည်။
မိုးကုတ်မြို့ရှိ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့အား အသီးသီးသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်မျိုးစုံ (၅၁)လက်၊ RPG – 7 တစ်လက်၊ ၆၀ မမ တစ်လက်၊ စက်လတ် တစ်လက်၊ ကား (၂)စီး၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာ၊ စက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိထားသည်ဟု ဖော်ပြသည်။
ထို့အပြင် ရန်သူ့အလောင်း ၂၀နှင့် လက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သား ၁၇ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု အသိပေးသည်။
ဇွန်လ ၂၆ရက် ညနေ ၇နာရီအထိ ဆက်သွယ်ရယူထားသည့် မြေပြင်သတင်းအရ ညနေပိုင်း ၃နာရီတွင် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာအား စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံး နှစ်လုံးကြဲခဲ့သည့်အပြင် ညနေ ၅နာရီခွဲနှင့် ၇နာရီတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

နောင်ချိုနှင့် ကျောက်မဲမြို့တွင်း၌ ဝင်ရောက် နေရာယူထားကြောင်း TNLA ပြောရေးခွင့်ဆိုခွင့်ရှိသူက လူထုနွေဦးသို့ ပြောသည်။
” ဒီနေ့ ဒီအချိန်ထိ ကျမတို့ဆီမှာ တက်လာတာက တိုက်ပွဲသတင်းက စခန်း ၂၄ခု သိမ်းပိုက်နိုင်တယ်။ အဲဒီလို မြို့သိမ်းနိုင်တာကိုတော့ မတွေ့ရသေးဘူး။ လက်ရှိကတော့ မြို့တွေကို ဝင်ပြီးနေရာယူထားတဲ့ အနေအထားမျိုးတော့ရှိပါတယ်။ လက်ရှိဆိုရင် ကျောက်မဲနဲ့ နောင်ချိုမြို့တွေမှာ ဖြစ်ပါတယ်။ မိုးကုတ်ကတော့ ထုတ်ပြန်ထားတဲ့အတိုင်း မိုးကုတ်ဘက်မှာ တပ်စခန်း ၆ခုတော့ နေရာရထားပြီ။ သို့ပေမယ့် လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ နေရာလည်းရှိပါသေးတယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။

နောင်ချိုမြို့မှ တော်လှန်ရေးရဲဘော်တစ်ဦးကလည်း “မြို့ကိုတော့ ထိန်းထားပြီ။ ဒါပေမယ့် ၆၀၆အမြောက်တပ်ကျန်နေသေးတယ်။ မြို့ကလူတွေက ရွာဘက်တွေကို ပြေးကုန်ပြီ။ မြို့ပေါ်မှာ လူမရှိတော့ဘူး”ဟု ပြောသည်။
