တိုက်ပွဲအတွင်း ကျည်ထိမှန်၍ အရပ်သားတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
မက်ကစံ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ စစ် ကောင်စီ၏ ဌာနဆိုင်ရာရုံးအချို့ကို တအောင်းတပ်မတော်(TNLA)ပူးပေါင်းတပ် သိမ်းထားပြီး တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေ ၊ တစ်ဦးဒဏ်ရာရရှိထားကြောင်း ဒေသခံများက ပြောသည်။
ယနေ့(ဇွန်လ ၂၅) နံနက်တွင် နောင်ချိုမြို့အဝင်ရှိ စစ်ကောင်စီ၏ ခမရ(၁၁၄)နှင့် (၁၁၅)တပ်ရင်းအား TNLA ပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် နောင်ချိုမြို့အဝင်ရှိ ကျောက်ကြမ်းကျေးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ လေကြောင်းပစ်ခတ်မှုကြောင့် ကျောက်ကြမ်းကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement
တိုက်ပွဲဖြစ်ပွားမှုအတွင်း အင်းဝိုင်းသကြားစက်မှ ဘန့်ဘွေးရွာသွားသည့် မြင့်မြတ်ချိုယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း နောင်ချိုဒေသခံတစ်ဦးက ပြောသည်။
“ကားဆရာက အရင်ရွှေနောင်ချိုကားဆရာ ကိုဘုန်းနိုင်တဲ့။ ဘယ်ဘက်ကပစ်လို့ ထိတာလဲတော့မသိဘူး”ဟု နောင်ချိုဒေသခံက ပြောသည်။
ထို့အပြင် TNLA ပူးပေါင်းတပ်များက နောင်ချိုမြို့အတွင်း ဝင်ရောက်လာပြီး မြို့တွင်းတိုက်ပွဲဖြစ်နေသည်ဟု မြို့ခံအချို့က ပြောသည်။
နေ့လယ်ပိုင်းတွင် မြို့ရှိ ဆေးရုံ၊ မိုးဇလရုံးနှင့် မီးသတ်ရုံးအား သိမ်းယူထားသည်ဟုလည်း ဒေသခံများက ဆိုသည်။ ထို့အပြင် ရဲစခန်းအား သိမ်းယူရန်တိုက်ခိုက်နေပြီး အဆိုပါနေရာတွင် ပစ်ခတ်မှုဖြစ်နေသည်ဟု ဒေသခံက နေ့လယ်ပိုင်းတွင် ပြောသည်။ သို့သော် ရဲစခန်းအား TNLAပူးပေါင်းတပ် သိမ်းပိုက်မှုအခြေအနေကို မသိရသေးပေ။
” ဈေးနားလေးမှာ စစ်သားတွေက မိုက်တဲ့ကောင်ထွက်ခဲ့အော်နေတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် နောင်ချိုမြို့ ဘူတာရပ်ကွက်တွင် နေအိမ်၌ရှိနေသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရထားသည်ဟု ၎င်းက ဆက်ပြောသည်။
“ဘူတာရပ်ကွက်မှာ သေနတ်နဲ့ပစ်လို့ နေအိမ်တံတာပိတ်တုန်းမှာ သေနတ်ကျည်ထိမှန်တာ”ဟု ဒေသခံက ပြောသည်။
တအာင်းတပ်မတော်(TNLA)က ၁၀၂၇စစ်ဆင်ရေးအဆက်ဟု တရားဝင်ကြေညာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချိုမြို့နယ် နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ယနေ့(ဇွန်လ ၂၅)တိုက်ပွဲများ ဖြစ်ပွားနေကြောင်း TNLAက အသိပေးထုတ်ပြန်ထားသည်။
