▪︎”ကျမတို့ဘဝတွေကအမိမဲ့သားရေနည်းငါးဘဝပဲ။ပြည်သူကလည်းမကြည်ဖြူဘူး။ လူကြီးတွေ(ဌာနဆိုင်ရာအရာရှိများ)ကလည်း ထစ်ခနဲဆိုသူတို့ကအရင်ပြေးတာ။ ကျမတို့ မိသားစုရှိလို့ ထွက်ပြေးလို့ကလည်းမရဘူး” -ရှမ်းမြောက်မှ စစ်ကောင်စီဝန်ထမ်းတစ်ဦး
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်ကျော့ပြန်စစ်ရေးတင်းမာလာပြီးနောက် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့်မြို့များရှိခရိုင်ရုံးများမှ ဌာနဆိုင်ရာပစ္စည်းများကိုသိမ်းဆည်းထားရန် ညွှန်ကြားနေကြောင်း စစ်ကောင်စီဝန်ထမ်းအချို့နှင့် ဒေသခံများကပြောသည်။
ဇွန်လ ၁၀ရက်မှစ၍ ယင်းညွှန်ကြားချက်ရောက်ရှိလာခြင်းဖြစ်ပြီး မကြာမီဖြစ်ပေါ်လာနိုင်သည့် စစ်ရေးအခြေအနေကြောင့် အလွန်စိုးရိမ်နေကြသည်ဟု ဌာနဆိုင်ရာဝန်ထမ်းအချို့ကပြောသည်။
” ခရိုင်ရုံးတွေကို ညွှန်ကြားလာတာ။ မြို့နယ်ရုံးတွေက ၁၀၂၇ စစ်ဆင်ရေးကတည်းက ခရိုင်ပို့ထားရတာ။ ဒီတစ်ခါ တိုက်ပွဲဖြစ်ရင်တော့ အရင်ထက်ဆိုးမယ်ဆိုတဲ့ သတိပေးတာတွေ ရှိတယ်” ဟု မူဆယ်အခြေစိုက် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement
ညီနောင်မဟာမိတ် ၃ ဖွဲ့က ၂၀၂၃ နိုဝင်ဘာလ ၂၇ ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး မြို့ပေါင်း ၁၀ မြို့ကျော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ တရုတ်ကကြားဝင်မှုကြောင့် ဟိုင်ဂင်အပစ်ရပ်စာချုပ်အရ စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့အကြား ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်၍ တိုက်ပွဲများရပ်တန့်ခဲ့သည်။
သိူ့သော် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ယခုရက်ပိုင်းတွင် စစ်ကောင်စီက အင်အားအများအပြားတိုးထားပြီး အဓိကလမ်းပိုင်းအချို့ကိုလည်း ဖြတ်တောက်ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်နေသည်။ မိုးမိတ်မြို့နယ်ရှိ TNLA စခန်းကို ဗုံးကြဲခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်းပစ်ခတ်ခဲ့၍ စစ်ကောင်စီက ဟိုက်ဂင်သဘောတူညီချက်ကို မကြာခဏ ချိုးဖောက်နေကြောင်း TNLA ကထုတ်ပြန်ထားသည်။ထိုအပြင် စစ်ကောင်စီတပ်ရော ၊ ညီနောင်မဟာမိတ်အဖွဲ့များပါ စစ်ရေးလှုပ်ရှားများပြုလုပ်လာသဖြင့်တိုက်ပွဲများပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများက ပြောနေကြသည်။
ထိုအခြေအနေတွင် စစ်ကောင်စီက ၎င်းတို့၏လက်အောက်ခံဌာနဆိုင်ရာရုံးများမှ ပစ္စည်းများကို နေရာပြောင်းရွှေရန်ညွှန်ကြားလာခြင်းဖြစ်သည်။
“ရှမ်းမြောက်ကရုံးတွေအားလုံး တောင်ကြီးကို ပို့မှာ။ ၁၀၂၇စစ်ဆင်ရေးကလည်း ပို့ထားတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရှမ်းမြောက်ကနေလို့မရတော့ဘူး။ ကုပ်ကပ်ပြီးနေနေရတာ” ဟု လားရှိုးမြို့မှ လဝကဌာနဝန်ထမ်းတစ်ဦးကပြောသည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့မှ ဌာနဆိုင်ရာဝန်ထမ်းများကို ရုံးမှမထွက်ခွာရန် စစ်ကောင်စီကအမိန့်ပေးခဲ့ပြီး ဌာနပိုင်းပစ္စည်းများ၊ယာဥ်ယန္တရားများကို စစ်တပ်ဝင်းထဲသို့ ပို့ဆောင်ထားမှုများပြုလုပ်ခဲ့သည်။ ထိုလုပ်ရပ်သည် အောက်ခြေဝန်ထမ်းများအား မညှာတာဟုဆိုကာ ဌာနဆိုင်ရာဝန်ထမ်းများက ဒေါသထွက်ခဲ့ကြသည်။
“ကျမတို့ဘဝတွေကအမိမဲ့သားရေနည်းငါးဘဝပဲ။ပြည်သူကလည်းမကြည်ဖြူဘူး။ လူကြီးတွေ(ဌာနဆိုင်ရာအရာရှိများ)ကလည်း ထစ်ခနဲဆိုသူတို့ကအရင်ပြေးတာ။ ကျမတို့ မိသားစုရှိလို့ ထွက်ပြေးလို့ကလည်းမရဘူး” ဟု သီပေါမြို့မှ အငယ်တန်းစာရေးအဆင့်ရှိ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။
၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်မြို့ပြီးတစ်မြို့တိုက်ခိုက်သိမ်းပိုက်နေစဉ် ဌာနဆိုင်ရာရုံးများအားလုံး ဆိုင်းဘုတ်များဖြုတ်ချပြီး အရာရှိများက ဝစစ်တပ်ထဲသို့သွားရောက်ပုန်းအောင်းနေခဲ့ကြသည်။အောက်ခြေဝန်ထမ်းများက ရုံးတွင် အစောင့်နေခဲ့ကြရသည်။ ရဲစခန်းအချို့သည်ပင် တိုက်ခိုက်ခံရမည်ကို ကြောက်လန့်၍ စခန်းအဝင်ဝ၌ သာသနာ့အလံလွင့်ထူခဲ့ကြသည်အထိ စစ်ကောင်စီအောက်ခြေဝန်ထမ်းများအကြား အကြောက်တရားကြီးစိုးခဲ့သည်။
ယခုအခါ တိုက်ပွဲများဖြစ်ပွားလာမည်ကိုဌာနဆိုင်ရာဝန်ထမ်းများက အလွန်စိုးရိမ်နေကြသည်။ ညွှန်ကြားချက်မရဘဲ ဌာနကိုစွန့်ခွာပါက အရေးယူမည်ဟုလည်း ဖိအားပေးခံနေရကြောင်း ဝန်ထမ်းအချို့ကပြောသည်။ တိုက်ပွဲဖြစ်မည်ဟူသောသတင်းများသည် ဒေသခံများအကြား၌ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့နယ်အချို့၌ စားသုံးကုန်ပစ္စည်းများတိုးဝှေ့ဝယ်ယူနေကြကြောင်း သတင်းရရှိသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအလွန်တွင်စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မူဆယ်၊ လားရှိူး၊ ကျောက်မဲ၊ သီပေါ၊ တန့်ယမ်းနှင့် နောင်ချိုစသောမြို့တို့တွင်သာ တပ်စွဲထားနိုင်ကြောင်း သတင်းရရှိသည်။
ကွတ်ခိုင်၊သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့အပါအဝင် တရုတ်နိုင်ငံနှင့်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များအားလုံးကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သိမ်းယူထားပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ဆက်လက်ထိန်းချုပ်ထားသည်။
“စစ်တပ်က မြို့ပေါ်ပဲကွက်ပြီး ထိန်းချုပ်ထားနိုင်တာ။ သူတို့ဘယ်မြို့မှမပိုင်တော့ဘူး။ အခုတခါ တိုက်ပွဲကတော့ အဖြေပေါ်မှာပဲ။ စစ် ကောင်စီကျဆုံးခန်း ထိုင်ကြည့်ရုံပဲ”ဟု လားရှိုးမြို့ခံတဦးကပြောသည်။
