သုည/People’s Spring
စစ်အာဏာရှင် နှစ်နိုင်ငံဖြစ်သော မြောက်ကိုရီးယားနှင့် မြန်မာ အမျိုးသားလက်ရွေးစဥ်ဘောလုံးအသင်းတို့ပွဲစဥ် အပြီး စစ်ကောင်စီလက်ရွေးစဥ်အသင်းမှာ စံချိန်သစ်တစ်ခုစိုက်ထူခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်အာဏာရှင်နိုင်ငံဖြစ်နေသော မြန်မာ နှင့် ကမ္ဘာ့သိအာဏာရှင်နိုင်ငံ မြောက်ကိုးရီးယားတို့၏ လာအိုတွင် ယှဥ်ပြိုင်သောပွဲစဥ်တွင် စစ်ကောင်စီ၏လက်ရွေးစဥ်အသင်းက ၄ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ မြောက်ကိုးရီးယား အိမ်ကွင်းတွင်ယှဥ်ပြိုင်ရမည်ဖြစ်သော်လည်း နိုင်ငံရေး အခြေအနေအရ ကြားကွင်းလာအိုနိုင်ငံ၌ယှဥ်ပြိုင်ခဲ့သောပွဲစဥ်တွင် အာဏာရှင်နိုင်ငံချင်းတူသော်လည်း ဖီဖာကမ္ဘာ့အဆင့် ၁၁၈ တွင်ရှိသော မြောက်ကိုးရီးယားက ၎င်းတို့ထက် ဖီဖာအဆင့် ၄၅ ဆင့်နိမ့်သော မြန်မာအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် သက်တောင့်သက်သာအနိုင်ယူပြီး အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်သို့တက်ရောက်သွားသည်။ စစ်ကောင်စီလက်အောက်တွင် မြန်မာအသင်း၏ ဖီဖာအဆင့်မှာ နိုင်ငံပေါင်း ၂၁၀ တွင် ၁၆၃ ၌ရပ်တည်နေသည်။
စစ်ကောင်စီ၏ လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၂၆ အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတလျှောက် နိုင်ပွဲ မရှိ၊ ပေးဂိုးအများဆုံးဖြင့် စံချိန်ဖြင့် ခြေစစ်ပွဲအဆင့်မှ ပြုတ်ခဲ့သည်။

Public Service Announcement

ထို့အပြင် မြန်မာအသင်းသည် ခြေစစ်ပွဲတတိယအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် အသင်းများအနက် ပေးဂိုး ၂၈ ဂိုးအထိ ရှိခဲ့ကာ ပေးဂိုးအများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းထက် ကမ္ဘာ့အဆင့်နိမ့်ကျခဲ့သည့် ပါကစ္စတန်က ပေးဂိုး ၂၆ ဂိုး၊ နီပေါအသင်းက ပေးဂိုး ၂၀ ဂိုး၊ ဘင်္ဂလားဒေ့ရှ်က ပေးဂိုး ၂၀ ဂိုးတို့သာ ရှိခဲ့သည်။ မြန်မာအသင်းမှာမူ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့နှင့် နှစ်ကျော့ယှဉ်ပြိုင်ကစားရာ နှစ်ကျော့ပေါင်း ဂျပန်အသင်းကို ၁၀ ဂိုး၊ မြောက်ကိုရီးယားကို ၁၀ ဂိုးနှင့် ဆီးရီးယားကို ၈ ဂိုးအထိ အရှက်တကွဲ ပေးခဲ့ရသည်။ သွင်းဂိုးမှာလည်း ပြိုင်ပွဲတလျှောက် ၃ ဂိုးသာ ပြန်လည်သွင်းယူနိုင်ခဲ့သည်။
မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) တတိယအဆင့်တွင် ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယား အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ပွဲစဉ်ခြောက်ပွဲ ယှဉ်ပြိုင်ရာ နိုင်ပွဲတစ်ပွဲမှ မရရှိဘဲ ငါးပွဲရှုံး တစ်ပွဲသရေ ရမှတ်တစ်မှတ်ဖြင့် ခြေစစ်ပွဲအဆင့်မှ ပြုတ်ခဲ့ခြင်း ဖြစ်သည်။
“ဒီရလဒ်တွေက ကွင်းထဲက ကစားသမားတွေရော နည်းပြတွေရော အဖွဲ့ချုပ် ဥက္ကဌနဲ့ တာဝန်ရှိသူတွေရော အားလုံးမှာ တာဝန်ရှိပါတယ်။ အဓိကထား ပြောချင်တာကတော့ လက်ရွေးစင်ပါ။ နိုင်ငံခြားရောက်ရင် ဓာတ်ပုံတင်မယ်၊ စော်ကြောင်မယ် ဆိုတဲ့ စိတ်ဓာတ်လောက်နဲ့ ဘောလုံးကန်နေတဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်တွေကို ပြင်သင့်ပါပြီ။ နိုင်ငံရေးအခြေအနေ စုတ်ပြတ်နေတဲ့ကြားကနေ ဘောလုံးချစ်ပရိသတ်ကတော့ ဂျပန်နဲ့ပွဲမှာ ကွင်းထဲထိ လာအားပေးနေတာ တွေ့ရတုန်းပါပဲ။ မြန်မာ့ဘောလုံးကတော့ ခေတ်အခြေအနေကို လက်ညိုးထိုး အပြစ်ပုံချ မုန့်လုံးစက္ကူကပ်နဲ့ အောင်မြင်ဖို့ အဖြေမရှိဘူး ဖြစ်နေဆဲပါပဲ” ဟုဘောလုံးဝါသနာရှင်တစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် လက်ရွေးစင်ဘောလုံးအသင်းသည် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ကြိမ် စသော ပြိုင်ပွဲ လေးခုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲလေးခုစလုံးတွင် အုပ်စုအောက်ဆုံး အဖြင့်ဖြင့်ပင် အုပ်စုအဆင့်တိုင်းမှပြုတ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ၊ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) နှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ တို့တွင် အုပ်စုအောက်ဆုံးဖြင့် ထွက်ခွာခဲ့ရသလို ၂၀၂၂ အာဆီယံပြိုင်ပွဲတွင်လည်း ရမှတ် ၁ မှတ်သာ ရရှိပြီး အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။
ထိုအပြင် လက်ရွေးစင်ဘောလုံးအသင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလမှ ယနေ့အထိ နိုင်ငံတကာပြိုင်ပွဲနှင့် ခြေစမ်းပွဲ ၃၂ ပွဲ ယှဉ်ပြိုင်ရာ ၂၄ ပွဲအထိ ရှုံးနိမ့်ထားပြီး ၃ ပွဲသာ အနိုင်ရကာ ၅ ပွဲသရေ ရလဒ်ထွက်ပေါ်ထားသည်။
စစ်ကောင်စီလက်အောက်တွင် ယှဥ်ပြိုင်သောနိုင်ငံတကာပြိုင်ပွဲတိုင်း အောက်ဆုံးအဆင့်ဖြင့် နိုင်ငံတကာပြိုင်ပွဲများမှ ထွက်ခွာခဲ့ရသော်လည်း မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကမူ ပြီးခဲ့သည့် မေလအတွင်း အာရှဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ဆုကို ရရှိခဲ့သည်။ အာရှဒေသ ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ မဆုတ်မနစ်ထမ်းရွက်မှု၊ ဘောလုံးအားကစားနှင့်အတူ လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် ထူးချွန်စွာဆောက်ရွက်ခဲ့မှုများအတွက် ဦးဇော်ဇော်ကိုဂုဏ်ပြု ဆုပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ဦးဇော်ဇော်သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌအဖြစ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရလက်ထက် ၂၀၀၅ မှ စ၍ ယနေ့အချိန်ထိ နှစ် ၁၉ နှစ်ကျော်ကြာတာဝန်ယူခဲ့သော သက်တမ်းရှည် ဥက္ကဌဖြစ်သည်။ စစ်ကောင်စီလက်အောက်တွင်လည်း လက်ရွေးစဥ်ဘောလုံးအသင်းအောင်မြင်မှု အောင်ပွဲခံနိုင်ရန် ကြိုးစားနေသော်လည်း ပြိုင်ပွဲတိုင်းတွင် အရှက်တကွဲရှုံးနိမ့်နေဆဲဖြစ်သည်။
ဦးဇော်ဇော်မှာ အာရှဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ဆုရပြီးနောက်ပိုင်းတွင်လည်းစစ်ကောင်စီ လက်ရွေးစင်ဘောလုံးအသင်း၏ ခြေစွမ်းနှင့် ရလဒ်များတိုးတက်မလာခဲ့ဘဲ ယခုလ(ဇွန်လ)အတွင်း ဂျပန်အသင်းကို အိမ်ကွင်း၌ (၅-၀) ဂိုး၊ မြောက်ကိုရီးယားကို ကြားကွင်း၌ (၄-၁) ဂိုးတို့ဖြင့် အရှက်တကွဲ ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဘောလုံးအားကစားကိုချစ်မြတ်နိုးသောမြန်မာပရိတ်သတ်အများစုမှာလည်း အာဏာသိမ်းစစ်ကောင်စီလက်အောက်လက်ရွေးစဥ်ဘောလုံးအသင်းကိုအားမပေးကြတော့ဘဲ စစ်ကောင်စီလက်ရွေးစဥ်ဘောလုံးအသင်းရှုံးနိမ့်လျင်ပင် ပျော်နေကြောင်း ဘောလုံးပရိတ်သတ်အချို့ကပြောသည်။
(ဂျပန် ၊မြောက်ကိုရီးယားလက်ရွေးစဥ်အသင်းနှင့်ယှဥ်ပြိုင်ခဲ့သော စစ်ကောင်စီလက်ရွေးစဥ်အသင်း/ အာရှဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ဆုရရှိခဲ့သော မြန်မာ့လက်ရွေးစဥ်ဘောလုံးအသင်းဥက္ကဌ ဦးဇော်ဇော် ။ ဓါတ်ပုံ- CJ ၊ NY Times)
