အညာသား/People’s Spring
မင်းကင်းမြို့နယ် ၊မတောရွာ မင်္ဂလာဆောင်ကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယနေ့(ဇွန်လ ၄ရက်)နံနက်အထိ ရရှိသောနောက်ဆုံးစာရင်းများအရ သေဆုံးသူ၅၀နီးပါးအထိရှိလာပြီး သေဆုံးသူများတွင်ကလေးငယ်နှင့်အမျိုးသမီးအများဆုံးပါဝင်ခဲ့သည်။
“မင်္ဂလာဆောင်မှာ ဧည့်ခံစား သောက်နေတဲ့နေရာကိုတည့်တည့်ကြဲတာ။ ပွဲချင်းပြီးသေဆုံးသူ ၂၄ဦးရှိခဲ့တယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့မယ်လုပ်တော့ ပျူတွေကကြားဖြတ်ဟန့်တားလို့ ဒဏ်ရာတွေနဲ့သေဆုံးတာရှိတယ်။ သေဆုံးသူတွေကိုနာရေးလုပ်နေတုန်း လက်နက်ကြီးနဲ့ထပ်ပစ်လို့ လူတွေထပ်သေပြန်တယ်။ စုစုပေါင်း၅၀အနည်းဆုံးရှိလိမ့်မယ်”ဟု မင်းကင်းမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

ဇွန်လ ၃ ရက်နံနက်၈နာရီခွဲခန့်ကမင်းကင်းမြို့နယ် ၊မတောကျေးရွာမှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး၏ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement
ထိုမင်္ဂလာဆောင်၌ ကလေးငယ်နှင့်အမျိုးသမီးများရောက်ရှိသောကြောင့်သေဆုံးသူများတွင် အသက် ၁၀ နှစ်အောက် ကလေးငယ်များနှင့်အမျိုးသမီးများ အများစုပါဝင်နေကြောင်းဒေသခံများကပြောသည်။
“ရွာမှာ ဘုန်းကြီးမွေးနေ့ပွဲတခုရှိတယ်။ အဲဒီမွေးနေ့ပွဲပြီးမှလာမယ်ဆိုတဲ့သူတွေ အရမ်းကံကောင်းသွားတယ်။ ဘုန်းကြီးမွေးနေ့ပွဲသာမရှိရင် မင်္ဂလာဆောင်ကိုလူတွေပိုရောက်နေမှာဖြစ်ပြီး သေဆုံးမှုလည်းဒီထက်များနိုင်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ပြီးနောက် မင်းကင်းမြို့ပေါ်မှာနေ၍ လက်နက်ကြီးများလည်းထပ်မံပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ ဒဏ်ရာရသူများအား ဆေးရုံသို့ပို့ဆောင်ရန် ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့် စက်လှေများဖြင့်သွားရောက်စဉ် ပန်းဆက်ရွာမှ ပျူစောထီးများက ကြားဖြတ်ဟန့်တား၍ နောက်ကြောင်းပြန်လှည့်ခဲ့ရကြောင်း၊ ထို့ကြောင့်သေဆုံးမှုပိုမိုများပြားသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
မတောရွာအား စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများသေဆုံးထိခိုက်မှုသည် ၂၀၂၄ခုနှစ်အတွင်း ယခုအချိန်အထိ အဆိုးရွားဆုံးအစုလိုက်အပြုံလိုက်သေစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။
