▪︎ကန့်သတ်ပိတ်ပင်ခံရသောသွင်းကုန်ပစ္စည်းများရှားပါးဈေးကြီးလာနိုင်ဟုလုပ်ငန်းရှင်အချို့ပြော
ပြည်ပမှ တင်သွင်းရမည့် ကုန်ပစ္စည်းများကို စစ်ကောင်စီက ကန့်သတ်လျှော့ ချလိုက်ကြောင်းသွင်းကုန်လုပ်ငန်းရှင်အချို့က ပြောသည်။
ဆေးဝါး၊ လျှပ်စစ်သုံးယာဥ် နှင့် ဆက်စပ်ပစ္စည်းများ ၊ စက်မှုကုန်ကြမ်း နှင့် စက်မှု ဓာတုကုန်ကြမ်းပစ္စည်းများ၊စားသောက်ကုန်ကြမ်းများကိုသာ အကောက်ခွန် ကုန် လှောင်ရုံတွင် ကန့်သတ်အရေအတွက်ဖြင့် သို လှောင် ခွင့်ပြုတော့မည်ဟု စစ်ကောင်စီက မေလ ၃၀ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
ထို့အပြင် သွင်ကုန်လိုင်စင်ခွင့်ပြုချက် မရမီ ဆိပ်ကမ်း နှင့် လေဆိပ်သို့ ကြိုတင်ရောက်ရှိလာသည့် ကုန်ပစ္စည်းများကို အရေးယူမည်ဟု စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ကြေညာထားသေးသည်။

Public Service Announcement
“အဓိကတော့ ပြည်ပ က တင်သွင်းရမယ့် ကုန်တွေကို ရတဲ့ နည်းတဲ့ ပိတ်တဲ့သဘောပဲ။ အရင်က သွင်းကုန်လိုင်စင် မရသေးခင် ပြည်တွင်းကို သယ်နိုင်တဲ့ မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းတွေ၊စိုက်ပျိုးရေးနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေပြီးတော့ စက်ဆီ၊ချောဆီနဲ့ CMP လိုမျိုးပစ္စည်းတွေက သွင်းကုန်လိုင်စင် မဖြစ်မနေ လျှောက်ရတော့မယ်။သူတို့ ချပေးမှ သွင်းရမယ့် အခြေအနေမျိုးပေါ့”ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက လူထုနွေဦးသို့ပြောသည်။
ထိုကဲ့သို့ သွင်းကုန်များကန့်သတ်မှုသည် စစ်ကောင်စီက ပြည်သူများအတွက် ဒေါ်လာနှင့် နိုင်ငံခြားငွေသုံးစွဲမှုလျော့ချရန်နှင့် ထိုကုန်ပစ္စည်းသွင်းကုန်လုပ်ငန်းရှင်များထံမှ ဒေါ်လာရရန် ကြံစည်နေခြင်းဖြစ်ကြောင်းလည်း အထက်ပါလုပ်ငန်းရှင်က သုံးသပ်သည်။
ထို့အပြင် သွင်းကုန်ပစ္စည်းကန့်သတ်မှုသည် ပြည်တွင်းစားသုံးသူများအပေါ် အ နည်းနှင့်အများ သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်းလုပ်ငန်းရှင် တစ်ဦးကပြောသည်။
“ချောင်ပိတ်ရိုက်ခံနေရတဲ့အခြေအနေ မျိုးပဲ။သူတို့ ပေးတာကိုပဲရတော့မယ်။သူတို့ လိုအပ်တယ်ထင်တဲ့ ပစ္စည်းမျိုးကိုပဲ နိုင်ငံ ခြားက သွင်းရမယ်။အဲဒါဆို ပြည်တွင်းမှာ အရင်ကတည်းက သုံးနေကြစားသုံးသူတွေက အရင်ပစ္စည်းမျိုးမရနိုင်တော့ဘူး။ရလာရင်လည်း စျေးကွက်ထဲ နည်းနည်းပဲရောက်မယ်။ပြောချင်တာက ပေါပေါသီသီ မရှိတော့ စျေးကြီးမယ်”ဟု ၎င်းက ရှင်းပြသည်။
နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းအချင်းချင်းဖလှယ်သည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန် သည်ကြီးများအသင်းကမကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ဒေါ်လာကို နိုင်ငံတဝန်းဖြစ်ပွားနေသောတိုက်ပွဲများတွင် အသုံးပြုရန် စစ်လက်နက် နှင့် လေယာဥ်ဆီ ဝယ်ယူရန် အတွက်သာအဓိက အသုးပြုပြီး ပြည်သူများအတွက် စားသောက်ကုန်၊လူသုံးကုန် ဆေးဝါးစသောသွင်းကုန်ပစ္စည်းများဝယ်ယူတင်သွင်းမှုကိုမူ ဒေါ်လာမကုန်ရန် သွင်းခွင့်ကို နည်းမျိုးစုံဖြင့် ကန့်သတ်နေခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီက ပို့ကုန်ရငွေများကို တစ် လအတွင်း ပြည်တွင်းပြန်ယူလာရန် နှင့် ပို့ကုန်ရငွေအားလုံး၏ ၃၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြင့် လုပ်ငန်းရှင်များအား မရောင်းမနေရ သတ်မှတ်၍ စစ်ကောင်စီကဒေါ်လာရရန် လုပ်ငန်းရှင်များကို ကန့်သတ်ထားသည်။
ကျပ်ငွေတန်ဖိုးစံချိန်တင်ဖောင်းပွပြီး ဒေါ်လာ နှင့် ရွှေဈေးများသမိုင်းတလျောက်အမြင့်ဆုံးဈေးတက်လာချိန် စစ်ကောင်စီက ဒေါ်လာရောင်းဝယ်သူနှင့် ရွှေဆိုင်ပိုင်ရှင် ၊ရွှေကုန်သည်များကိုဖမ်းဆီးသောနည်းဖြင့်ဖြေရှင်းနေသည်။တချိန်တည်းတွင် ဒေါ်လာအကုန်နည်းရန် နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းချင်းဖလှယ်သောစနစ်ကို လုပ်ငန်းရှင်များကိုလုပ်ကိုင်စေသည်။ စစ်တပ်အာဏာမသိမ်းခင်က နိုင်ငံတော်၏ နိူင်ငံခြားအရန်ငွေမှာ ဒေါ်လာ ၆.၈ ဘီလီယံခန့်ရှိသော်လည်း အာဏာသိမ်းစစ်ကောင်စီလက်အောင်တွင် နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၃ ဘီလီယံဝန်းကျင်လျော့နည်းသွားပြီဖြစ်ကြောင်း NUG စီမံကိန်း ၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောသည်။
