စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၌ စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့ပူးပေါင်းတပ်စွဲထားသည့် အင်ကြင်းတောင်ရွာ စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့(PDF)များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသတင်းရရှိသည်။
အင်ကြင်းတောင်ရွာ စခန်းကုန်းကို နိုဝင်ဘာ ၂၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

“သိမ်းယူထားတာ ကြာနေပါပြီ။ လုံခြုံရေးအခြေအနေအရ သတင်းမထုတ်ပြန်ခဲ့တာ”ဟု မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ငါးဦး၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၅ဦး၊ စုစုပေါင်း ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။ စခန်းအား မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ရဲဘော်တစ်ဦးက ပြောသည်။
“အခိုင်အမာစခန်း။ ဘန်ကာကို သေချာလုပ်ထားလို့ မနည်းပဲ ဖောက်တိုက်ရတယ်”ဟု အဆိုပါရဲဘော်က ပြောသည်။

Public Service Announcement
တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MA10လောင်ချာ တစ်လက်၊ MA5 ပစ္စတိုတစ်လက်၊ .30Carbine ကျည်၁၄၇တောင့်၊ 5.56 ကပစကျည် ၁၉၉တောင့်၊ RPG ဖူး ၁၁ခု၊ မိုင်းနှစ်လုံး၊ ၄၀ မမ ဗုံးသီး ငါးလုံး၊ MG1 လက်ပစ်ဗုံးတစ်လုံး နှင့် Drone Jammerတစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် Student’s Revolutionary Force (SRF)က သတင်းထုတ်ပြန်ထားသည်။
