စောနွေဦး၊သော်မွန် /People’s Spring
စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှာ ယနေ့အထိ ကျပ်ငွေဘီလီယံပေါင်း ၃၀,၀၀၀ ကျော်(ထရီလီယံ ၃၀ကျော်)ကို ရိုက်ထုတ်ခဲ့ပြီး ကျပ်ငွေဖောင်းပွခြင်း၏အဓိကအကြောင်းရင်းမှာ ငွေစက္ကူအများအပြားရိုက်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောကြားသည်။
ကျပ်ငွေတန်ဖိုးကျဆင်း၏ အဓိက အခြေခံအကျဆုံးသည် စစ်ကောင်စီကတိုင်းပြည်အာဏာလုချိန်မှ ယနေ့အထိ ငွေစက္ကူအများအပြား ရိုက်ထုတ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဦးတင်ထွန်းနိုင်က ယနေ့(ဇွန် ၃ ရက်)တွင်ပြုလုပ်သည့် မြန်မာ့စီးပွားရေးပျက်ကပ်အကြောင်းသတင်းစာရှင်းလင်းပွဲပြောဆိုခဲ့ခြင်းဖြစ်သည်။

“တင်ပြလိုရင်းက အခုဖြစ်ပေါ်နေတဲ့ မြန်မာငွေတန်ဖိုးကျဆင်းမှုရဲ့ အခြေခံအကျဆုံးနဲ့ အဓိက အကြောင်းအရင်းသည် အခြားအကြောင်းအရာများဆိုတာထက် အကြမ်းဖက်စစ်ကောင်စီက သူတို့ စပြီး တိုင်းပြည်အာဏာလုတဲ့အချိန်ကစပြီး ဒီနေ့ ဒီအချိန်အထိ ငွေကျပ်ဘီလီယံပေါင်း ၃၀,၀၀၀ ကျော်ကို ရိုက်ထုတ်ထားခဲ့တာကြောင်း ဖြစ်တယ်ဆိုတာကို ကျွန်တော် ပြည်သူလူထုကို ရှင်းရှင်းလင်းလင်းနဲ့ တင်ပြအစီရင်ခံလိုပါတယ်။”ဟု ဝန်ကြီးက ဆိုသည်။

Public Service Announcement
ငွေစက္ကူအများအပြားရိုက်နှက်ခြင်းမှာငွေဖောင်းပွမှု၏ အဓိက အကြောင်းအရင်းဖြစ်ပြီး စစ်ရေးအသုံးစာရိတ်များစွာအသုံးပြုခြင်း ၊ နယ်စပ်ကုန်သွယ်ရေးကျဆင်းလာခြင်း ၊ နိုင်ငံတွင် နိုင်ငံခြားလက်ကျန် နည်းပါးလာခြင်း၊ ပြည်ပရောက်မြန်မာအလုပ်သမားများကို စစ်ကောင်စီကအခွန် ၂ ထပ်ကောက်မှုနှင့် ပြည်ပရောက်လုပ်သားများက ပြန်ပို့ငွေလျော့ကျလာခြင်း ၊ စီးပွားရေးကျဆင်းလာပြီးနောက် စစ်ကောင်စီက နိုင်ငံတကာနှင့်ကုန်သွယ်မှုတွင် ခေတ်ကာလနှင့် မလျော်ညီသော ကုန်စည်ခြင်းဖလှယ်စနစ် ကျင့်သုံးစေခြင်း၊FATF ကမြန်မာနိုင်ငံကို အမည်မည်းစာရင်းသွင်းထားခြင်း ၊ပြည်ပရင်းနှီးမြှပ်နှံမှုလျော့ကျလာပြီး ပြည်တွင်းမှ ရင်းနှီးမြှပ်နှံမှုများ ပြည်ပ အိမ်ခြံမြေ ဈေးကွက်များသို့ စီးဝင်သွားကြခြင်း စသောအကြောင်းအရင်းများလည်းပါဝင်ကြောင်း၎င်းကရှင်းပြသည်။

ငွေစက္ကူရိုက်ထုတ်မှုတွင် ၂၀၁၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီက ငွေစက္ကူအသစ်ရိုက်ထုတ်မှုသည် ကျပ်ဘီလီယံ ၂၅,၀၀၀ ရှိခဲ့ပြီး မတ်နှင့်ဧပြီလတွင်လည်း ငွေစက္ကူအလုံးအရင်းနှင့် ရိုက်ထုတ်နေသည့် သတင်းအချက်အလက်များ ရရှိထားသည်ဟု ဝန်ကြီးကဆိုသည်။
အရပ်သားအစိုးရလက်ထက်ဖြစ်သည့် ၂၀၁၉နှင့် ၂၀၂၀ခုနှစ် ၂ နှစ်တွင် ငွေစက္ကူအသစ်ရိုက်ထုတ်မှုသည် ကျပ်ဘီလီယံ ၃၆၀၀ ရှိခဲ့သည်။ ထိုကာလများသည် တိုင်းပြည်က ကိုဗစ်ကပ်ရောဂါခံစားရပြီး စီးပွားရေးကျဆင်းနေသည့်အချိန်ဖြစ်သည်။

သို့သော် စစ်ကောင်စီကမူ အာဏာသိမ်းပြီး ၃နှစ်ကျော်အတွင်း စစ်ကောင်စီရိုက်ထုတ်သည့် ငွေစက္ကူပမာဏသည် အရပ်သားအစိုးရ ၂ နှစ်ထက် ၈ဆခွဲခန့်ပိုရိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။
ထိုပြင်စစ်ကောင်စီက ငွေစက္ကူအသစ်ရိုက်ထုတ်ရန်အတွက် ၎င်းတို့နှင့် ပလဲပနံသင့်သည့်အရှေ့ဥရောပနိုင်ငံတစ်ခုမှ စက္ကူကုန်ကြမ်းနှင့်မှင်များ လေယာဉ်စင်းလုံးဖြင့်သယ်လာသည်ဟု ဦးတင့်ထွန်းနိုင်ကပြောသည်။
လက်ရှိတွင် စစ်ကောင်စီ နိုင်ငံခြားအရံငွေနည်းနေပြီး ကျပ်ငွေလိုအပ်ချက်ကို စစ်ကောင်စီက ငွေစက္ကူရိုက်နှိမ်ပြီးဖြေရှင်းနိုင်သော်လည်းနိုင်ငံခြားငွေကို မရှာနိုင်ကြောင်းနှင့် ထိုကြောင့် စစ်ကောင်စီ ကျဆုံးခန်းနီးလာပြီးဖြစ်ကြောင်း ဦးတင်ထွန်းနိုင်ကပြောသည်။
