စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အရေးပါသည့်ဒေသ၌ တပ်မဟာ(၁၁)ကို အသစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ဟုဆို
ထားမြတ်/People’s Spring
စစ်ကောင်စီတပ်ကို အထိနာအောင်တိုက်ခိုက်လျက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က တပ်မဟာ အသစ်တစ်ခုထပ်တိုးဖွဲ့စည်းလိုက်ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။
ယခင်က ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသများ၌ တပ်မဟာ ၁၀ခုရှိထားပြီးဖြစ်သည့် KIA အနေဖြင့် တပ်မဟာ(၁၁)ကို ထပ်တိုး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
“တပ်မဟာအသစ်တစ်ခု ထပ်တိုးဖွဲ့စည်းတာဟုတ်တယ်။ တပ်မဟာ(၁၁)က ရွှေလီချိုင့်ဝှမ်းမှာ ဖြစ်မယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement
KIAက တပ်မဟာအသစ် တိုးချဲ့ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
KIAစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း မေလ ၁၃ရက်တွင် ကွယ်လွန်ပြီးနောက် စစ်ဦးစီးချုပ်အသစ်ကို မေလ ၁၈ရက်တွင် ခန့်အပ် တာဝန်ပေးခဲ့ခြင်းနှင့်အတူ တပ်မဟာအသစ်တစ်ခုထပ်တိုးဖွဲ့စည်းလိုက်ခြင်းလည်းဖြစ်သည်။ ယခင် ဒုစစ်ဦးစီးချုပ်အဖြစ် ၉နှစ်နီးပါး တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်အောင်ဆိုင်းလာကို စစ်ဦးစီးချုပ်အဖြစ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးကလည်း KIA၏ တပ်မဟာ အသစ် ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်၌ ရေးသားထားရာ တပ်မဟာ(၁၁)ကို ယခင် ဝိုင်းမော်၊ ဆဒုံးဒေသတပ်မဟာ (၅)၏ တပ်မဟာမှူး ဦးစီးသည်ဟု သိရကြောင်း ဖော်ပြထားသည်။
“တပ်မဟာ(၁၁)ကို မန်ဝိန်းကြီးဒေသမှာ ဗဟိုပြုဖွဲ့စည်းတယ်လို့ သိရပါတယ်။ မန်ဝိန်းကြီးဒေသဟာ ရွှေလီမြစ်ရဲ့တဖက်ကမ်း၊ နမ့်ခမ်း အနောက်ဖက်မှာ တည်ရှိပါတယ်။ နမ့်ခမ်းနဲ့ ရွှေလီမြစ်ခြားသလို ပြည်နယ်လည်းခြားပါတယ်။ ကချင်ပြည်နယ်ထဲ ပါဝင်ပါတယ်။ မန်ဝိန်းကြီးဒေသဟာ အရင်တပ်မဟာ (၃)နယ်မြေထဲက ဖြစ်ပေမဲ့ ဗန်းမော်ဖက်ကို အာရုံစိုက်နေတဲ့ တပ်မဟာ(၃)နယ်မြေထဲက ခွဲထုတ်လိုက်တဲ့ ဒေသဖြစ်ပါတယ်”ဟု ဦးမောင်မောင်စိုးက ရေးသားထားသည်။
မန်ဝိန်းကြီးသည် ကချင်နှင့်ရှမ်းပြည်နယ် ဆက်စပ်သည့် နေရာ၌ရှိပြီး ရှမ်းမြောက်ရှိ KIA တပ်မဟာသုံးခုနှင့် ကချင်ရှိ KIAတပ်ဖွဲ့များ ဆက်စပ်သည့်နေရာ၌ အရေးပါသည့် ဒေသဖြစ်သည်ဟု ဆိုသည်။
“ဒါ့ပြင် မန်ဝိန်းကြီးဒေသဟာ စီးပွါးရေးအရ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ဒေသဖြစ်ပါတယ်။ မန်ဝိန်းကြီးနဲ့ တရုတ်ပြည် နုန်တောင်း Nong Duoဟာ နမ့်ဝမ်ချောင်း ( ရွှေလီမြစ်ထဲ စီးဝင်တဲ့ချောင်း) ခြားတယ်ဆိုပေမဲ့ တရုတ်ပြည်ဖက်ခြမ်းမှာ နမ့်ဝမ်ချောင်းကူးတံတားထိုးထားလို့ ကားကြီးတွေ ကောင်းကောင်းကူးနိုင်ပါတယ်။ နုန်တောင်းကနေ ရွှေလီအထိ ရှစ်လမ်းသွား ကားလမ်းမကြီးဖြူးနေပြီ တနာရီမကြာဘဲ ရွှေလီရောက်နိုင်ပါတယ်။ မန်ဝိန်ကြီး- နုန်တောင်းဂိတ်ဟာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တရားဝင်ဂိတ်ထဲမှာမပါဝင်ပေမဲ့ ပမာဏကြီးမားတဲ့ မှောင်ခို နယ်စပ်ကုန်သွယ်ရေးဂိတ်လို့ဆိုရပါမယ်”ဟုလည်း ဦးမောင်မောင်စိုးက ရေးသားထားသည်။
နိုင်ငံရေး၊ စစ်ရေး၊ စီးပွါးရေးအရ အရေးပါသည့် နေရာ၌ KIA တပ်မဟာအသစ်တစ်ခု ထပ်မံဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟုလည်း ဦးမောင်မောင်စိုးက ပြောသည်။
“တပ်မဟာ(၁၁)ကို တပ်ရင်းဘယ်နှစ်ရင်း၊ စစ်အင်အား ဘယ်လောက်နဲ့ ဖွဲ့သလဲတော့ မသိပါဘူး။ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်နေတဲ့ကာလမှာ စစ်ရေးတိုက်ပွဲတွေ မြင့်တက်နေတာ၊ တပ်သားသစ်တွေစုဆောင်းနေကြတာ၊ တပ်အသစ်တွေဖွဲ့နေကြတာ မထူးဆန်းဘူးလို့ဆိုရပါမယ်”ဟုလည်း ဦးမောင်မောင်စိုးက ရေးသားထားသည်။
KIAအနေဖြင့် ကချင်နှင့်ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို ၂၀၂၃ အောက်တိုဘာ ၁၈မှစ၍ စခန်းသိမ်းတိုက်ခိုက်မှုများ ဆင်နွှဲခဲ့ပြီး ၂၀၂၄ မတ်လ ၇ရက်တွင် ထိုးစစ်အရှိန်မြှင့်ကာ ကချင်ပြည်နယ် ဝိုင်းမော်၊ မိုးမောက်၊ ဗန်းမော်၊ မံစီ၊ ဖားကန့်၊ တနိုင်း၊ လိုင်ဇာအနီးဒေသများ၊ ဆွမ်ပရာဘွမ် စသည့် နေရာအများအပြားရှိ စစ်ကောင်စီတပ်စခန်းကြီးငယ် ၁၀၀ကျော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
