မလေးရှားနိုင်ငံ မြောက်ပိုင်း ကမ်းလွန် ပင်လယ်ပြင်ကို ဗဟိုပြုပြီး ပြင်းအား မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။
ဘော်နီယို ကျွန်းမှာရှိတဲ့ ဆာဘားပြည်နယ်ရဲ့ ကမ်းလွန်ရေပြင်မှာ ဖေဖော်ဝါရီ ၂၃ ရက် မနက်အစောပိုင်းက ငလျင်လှုပ်ခဲ့တာပါ။ ငလျင်ရဲ့ ဗဟိုချက်ဟာ ပြည်နယ်မြို့တော် ကိုတာ ကီနာဘူလာရဲ့ အရှေ့မြောက်ဖက် ကီလိုမီတာ ၁၀၀ ဝန်းကျင်လောက်မှာ ဖြစ်ပါတယ်။
ငလျင်ရဲ့ ပြင်းအားက များပေမယ့် ပင်လယ်ရေမျက်နှာပြင်အောက် ကီလိုမီတာ ၆၂၀ နီးပါးလောက်ထိ နက်နက်ရှိုင်းရှိုင်း ဦးတည်ခဲ့တာကြောင့် မြေပြင်ပေါ်မှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်ခြေကို လျော့ကျစေခဲ့ပါတယ်။ နောက်ပြီး ငလျင်ရဲ့ ပြင်းအားက များတဲ့တိုင်အောင် အဲဒီလောက် အနက်မှာ ဗဟိုပြုတဲ့အခါ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ပေါ်လာနိုင်ခြေလည်း မရှိဘူးလို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ အချိန်ထိ ငလျင်ကြောင့် ဆိုးရွားတဲ့ ပျက်စီးမှုနဲ့ ထိခိုက်သေကြေမှု သတင်းတွေ မကြားရသေးပေမယ့် ငလျင်ရဲ့ လှုပ်ခတ်မှုကိုတော့ အနီးတဝိုက် ဒေသအတော်များများက သိရှိခံစားခဲ့ရပါတယ်။

Public Service Announcement
USGSက ငလျင်ပြင်းအားကို မဂ္ဂနီကျု ၇.၁ လို့ ဖော်ပြပေမယ့် မလေးရှား ငလျင်ဌာနကတော့ မဂ္ဂနီကျု ၆.၈ လို့ သတ်မှတ်ခဲ့ပြီး နောက်ဆက်တွဲ အခြေအနေတွေကို နိုးနိုးကြားကြား ဆက်လက် စောင့်ကြည့် လေ့လာနေမယ်လို့ ပြောပါတယ်။
အိမ်နီးချင်း စင်ကာပူ နိုင်ငံမှာလည်း ငလျင်ရဲ့ လှုပ်ခတ်မှုကို သိရှိခံစားလိုက်မိသူတွေ ရှိခဲ့ကြောင်း သိရပါတယ်။ အထူးသဖြင့် မရိန်းပရိတ်ဒ် ဧရိယာ တဝိုက်က ဒေသခံတွေဟာ အဲဒီ လှုပ်ခတ်မှုကို သိသိသာသာ ခံစားမိခဲ့တယ်လို့ ပြောပါတယ်။
မလေးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှု အန္တရာယ်ဇုန်ထဲမှာ အကျုံးဝင်နေပါတယ်။ ဂျိုဟော် ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက မဂ္ဂနီကျု ၂.၅ ကနေ ၄.၁ ကြား ပြင်းအားရှိတဲ့ ငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့တာကိုလည်း တိုင်းတာရရှိခဲ့ပါတယ်။
ကိုးကား: AFP

















































