ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ရဲ့ တပ်တွင်းတွေ့ဆုံဆွေးနွေးပွဲကို ပဲခူးတိုင်းမှာ ကျင်းပခဲ့ရာ SOF တပ်ဖွဲ့မှူး၊ စစ်ကြောင်းမှူး၊ ဒု-စစ်ကြောင်းမှူးတွေ ၊ တပ်ခွဲမှူး၊ ဒု-တပ်ခွဲမှူးတွေ ၊ လက်ရုံးအဖွဲ့ခေါင်းဆောင်တွေ၊ ရဲဘော်တွေနဲ့ ရဲဘော်မိသားစုဝင်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို၀င SOFက သတင်းထုတ်ပြန်ပါတယ်။

အဲဒီလို အားလုံးပါဝင်တဲ့ တပ်တွင်းတွေ့ဆုံဆွေးနွေးပွဲကို ပဲခူးတိုင်းအတွင်းရှိ SOF တပ်စခန်းတစ်ခုမှာ ဖေဖော်ဝါရီ ၁၉ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲဟာ ၃နာရီ ကြာမြင့်ခဲ့တယ်လို့ အသိပေးပါတယ်။
“ဆွေးနွေးပွဲကတော့ MOD စံပြုတည်မြဲပါ ညွှန်ကြားချက်အတိုင်းလုပ်တာလည်းဖြစ်ပါတယ်။ ရဲဘော်တွေနဲ့ခေါင်းဆောင်တွေကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုရှိကြဖို့၊ ရဲဘော်တွေလိုအပ်ချက်တွေ နဲ့ ရဲဘော်တွေရဲ့ ခံစားချက်ပြောစကားတွေနားထောင်ပြီး စည်းလုံးလုံး အလုပ်တွေဆက်လုပ်နိုင်ဖို့၊COC နှစ်ရပ်ခိုင်မာဖို့နဲ့ ရှေ့လုပ်ငန်းစဥ် စစ်ရေးရည်မှန်းချက်တွေ မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့ပဲဖြစ်ပါတယ်” လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှား က ပြောပါတယ်။

Public Service Announcement
ဆွေးနွေးပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ရဲ့ စစ်ရေးရည်မှန်းချက်တွေ၊ စစ်ရုံးချုပ်နဲ့ အဆင့်ဆင့်ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်တွေ ၊ SOFတပ်ဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဥ်တွေကို တပ်ဖွဲ့မှူးက ကနဦး အသိပေး ရှင်းလင်းခဲ့သလို တပ်တွင်းအုပ်ချုပ်မှုကိစ္စများ၊ ထောက်ပံ့မှုကိစ္စများ၊ တပ်တွင်းစည်းကမ်းများနဲ့ အထွေထွေလိုအပ်ချက်များကို ရဲဘော်တွေနဲ့ ခေါင်းဆောင်တွေ အပြန်အလှန် ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ရဲဘော်တွေဟာ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အတွင်းရှိ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးများ၊ နယ်မြေကာကွယ်ရေးနဲ့ စိုးမိုးနယ်မြေချဲ့ထွင်ခြင်းများအပြင် KNU တပ်မဟာ (၅) အတွင်းရှိ ဖာပွန်စစ်ဆင်ရေးတွေမှာလည်း ရှေ့တန်း တာဝန်တွေကို မနားတမ်း ဆောင်ရွက်လျက်ရှိကြောင်း အသိပေးပါတယ်။
ဒါ့အပြင် COCနှစ်ရပ်နဲ့ အညီ ခိုင်မာအားကောင်းတဲ့ တပ်စုဖွဲ့ရေး၊ စစ်ရေးရည်မှန်းချက်တွေ တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်းနေတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က ထုတ်ပြန်ပါတယ်။

















































