လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း မြောက်ကိုရီးယားဟာ ကဏ္ဍအသီးသီးမှာ အထင်အရှား တိုးတက် ပြောင်းလဲလာခဲ့ကြောင်း နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။
၅ နှစ်တစ်ကြိမ် ကျင်းပတဲ့ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ ပြည်လုံးကျွတ် ညီလာခံရဲ့ ဒုတိယနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၀ မှာ ခေါင်းဆောင်ကြီး ကင်မ်က ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း တိုးတက်ပြောင်းလဲခဲ့မှုတွေကို ပြန်လည် အကဲဖြတ် ဆန်းစစ်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNAက ဖော်ပြခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ စတင်တဲ့ ညီလာခံဟာ နောက်ထပ် ရက်ပိုင်းလောက် ဆက်လက် ကြာမြင့်ဖွယ် ရှိပါတယ်။ အဲဒီ ညီလာခံဟာ မြောက်ကိုရီးယားမှာ နိုင်ငံရေးအရ အကြီးကျယ်ဆုံး စုဝေးမှု အခမ်းအနားလည်း ဖြစ်ပါတယ်။
ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံမှာတော့ အရင် ၅ နှစ်တာအတွင်း လုပ်ဆောင်မှုတွေကို သုံးသပ်တာ၊ နောက်ထပ် ၅ နှစ်စာအတွက် စီမံကိန်းတွေ ပြင်ဆင် ရေးဆွဲတာမျိုး လုပ်ဆောင်လေ့ ရှိပါတယ်။

Public Service Announcement
ပါတီ အရာရှိတွေကတော့ ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း ခေါင်းဆောင်ကြီး ကင်မ်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ကာကွယ်ရေးနဲ့ သံတမန်ရေး ကဏ္ဍတွေ အားလုံး ထင်ထင်ရှားရှား အောင်မြင်တိုးတက်မှုတွေ ရရှိခဲ့တယ်ဆိုတာ အသိအမှတ်ပြု ချီးကျူးခဲ့ကြောင်း KCNAက ဆိုပါတယ်။
ပြီးတော့ အာဏာရ ပါတီရဲ့ ဗဟိုကော်မတီဟာ ရည်မှန်းထားတဲ့ အခြေအနေတွေ မပြည့်မြောက်ခဲ့တဲ့ ကဏ္ဍတွေကို ပိုတိုးတက်လာအောင် ဦးစားပေး ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း KCNAက ဖော်ပြခဲ့ပေမယ့် ဘယ်ကဏ္ဍတွေက လိုအပ်ချက်တွေ ရှိခဲ့တာလဲ ဆိုတာကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
ညီလာခံကို နိုင်ငံအရပ်ရပ်က ပါတီကိုယ်စားလှယ်တွေ၊ အရာရှိတွေ စုစုပေါင်း ၅၀၀၀ လောက် တက်ရောက်ခဲ့တယ်လို့လည်း KCNAက ဆိုပါတယ်။ တခြားနိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေရော ညီလာခံ တက်ခဲ့သလား ဆိုတာကိုတော့ သတင်းထဲမှာ ရေးသားမထားပါဘူး။ ပါတီ ထုတ်ပြန်ချက်မှာတော့ ရုရှား၊ တရုတ်၊ ဗီယက်နမ်နဲ့ လာအို နိုင်ငံတွေက ၉ ကြိမ်မြောက် ပြည်လုံးကျွတ် ညီလာခံအတွက် ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဲဒီ ညီလာခံ ကာလအတွင်း မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ လက်နက် စွမ်းရည်နဲ့ အနာဂတ် လက်နက် စီမံကိန်းတွေ အကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးတာ၊ သရုပ်ပြတာတွေ လုပ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – KCNA/Reuters

















































