ဖေဖော်ဝါရီ-၂၁၊၂၀၂၆။အိမ်သွင်/People’s Spring
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့ဝင်တွေကြားတင်းမာမှုဖြစ်နေစဉ်မှာ ဖေဖော်ဝါရီလ၂ဝရက်ညကစပြီး စစ်တပ်က
လေကြောင်းကနေ ကင်းထောက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
ကွတ်ခိုင်မြို့နေရာများစုမှာ MNDAA တပ်ဆင်ထားတဲ့ CCTVတွေ နဲ့ MNDAA ရုံးတွေကို TNLA အင်အားအများအပြားနဲ့ ဖေဖော်ဝါရီလ ၁၃ရက်ညမှာလိုက်လံဖြုတ်သိမ်းလိုက်တာကနေ တင်းမာမှုစတင်ခဲ့တာပါ။ တိုက်ပွဲမဖြစ်ပေမယ့် ညှိနှိုင်းလို့မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
“ TNLAက မြို့ထဲမှာရှိတယ်။MNDAAကမြို့ပြင်မှာတပ်ချထားတယ်။ဆွေးနွေးတာကအဖြေမထွက်ဘဲတင်းမာမှုကဆက်ပြီးရှိနေတယ်။ မနေ့ည(ဖေဖော်ဝါရီ ၂၀ည) ကစပြီး စစ်ကောင်စီကင်း
ထောက်လေယာဥ် တွေဝဲတယ်။တစ်စီးဆိုရင် နိမ့်နိမ့်လေးပျံသွားတာ” လို့ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ဖေဖော်ဝါရီ ၂၀ ညပိုင်းကနေ ဖေဖော်ဝါရီလ၂၁ရက်မနက်အစောပိုင်းအထိ စစ်ကောင်စီရဲ့ကင်းထောက်လေယာဥ်သုံးစင်းပျံသန်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
နှစ်ဖက်အငြင်းပွားမှုဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ရက်ညက ပစ်ခတ်မှုဖြစ်ခဲ့ပြီး MNDAAတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့ပါတယ်။တိုက်ပွဲဖြစ်မယ်လို့ မြို့ခံတွေစိုးရိမ်ခဲ့ကြပြီး ဒီနေ့အထိပစ်ခတ်မှုထပ်မဖြစ်တာကြောင့် ထိပ်ပိုင်းအရာရှိတွေကြား နှစ်ဘက်ညှိနှိုင်းနေဆဲလို့ ဒေသခံတွေက ယူဆထားကြပါတယ်။ ဒါပေမယ့် မြေပြင်မှာတော့ နှစ်ဖက်တင်းမာမှုတွေဆက်လက်ရှိနေဆဲပဲလို့ သိရပါတယ်။ ဖေဖော်ဝါရီလ၁၉ရက်နေ့ညကကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာအုပ်စု၊ ငေါ့ငှားရွာအဝင် လမ်းမှာMNDAAနဲ့TNLA တပ်ဖွဲ့ဝင်တွေခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။
MNDAA တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကငေါ့ငှားရွာကို ဝင်လာလို့TNLA တပ်ဖွဲ့ဝင် တွေက တားဆီးရာကနေ ထိုးကြိတ်ကြတာလို့လားရှိုးမြို့ခံသတင်းရင်း
မြစ်ကပြောပါတယ်။TNLAတပ်ဖွဲ့ဝင်ငါးဦးဒဏ်ရာရခဲ့ပြီး MNDAA တပ်ဖွဲ့ဝင်တွေက ငေါ့ငှားရွာကို ဖြတ်ကျော်လာခဲ့တယ်လို့ ဆိုပါတယ်။ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်၊ လားရှိုးမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်ဟာ ဒေသချင်းဆက်စပ်နေပါတယ်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ သိမ်းယူထားခဲ့ကြတဲ့ကွတ်ခိုင်မြို့ကို တအာင်းတပ် TNLAရော ကိုးကန့်တပ် MNDAA ပါ ထိန်းချုပ်ထားပြီး နှစ်ဖက်စလုံးက အုပ်ချုပ်ရေးယန္တရားတည် ဆောက်ခဲ့ကြတာပါ။ သိန္နီ၊ကွတ်ခိုင်၊ လောက်ကိုင်၊ မုံးကိုးခရိုင်တွေကို ခရိုင် (၄) ခု၊ မြို့တော် (၁) ခုပါဝင်တဲ့ အထူးဒေသ(၁)အဖြစ် MNDAAက ဖွဲ့စည်းထားပါတယ်။TNLAကလည်းတပ်မဟာ(၅)စစ်ဒေသအဖြစ် ကြေညာထားပါတယ်။
စစ်ကောင်စီကလည်းကွတ်ခိုင်မြို့ကိုတရုတ်အစိုးရအကူအညီနဲ့ ပြန်တောင်းနေတယ်လို့သိရပါတယ်။
၂၀၂၅ ဇူလိုင်လ ၃၀ရက် နံနက်က ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိ ရာစုသစ်ဟိုတယ်(၂) အနီးကို စစ်ကောင်စီက ဗုံးကြဲလို့အရပ်သား (၇) ဦးသေဆုံး၊ (၁၃) ဦးဒဏ်ရာရခဲ့ပါတယ်။ နောက်ပိုင်းမှာ လေ
ကြောင်းကနေ ကင်းထောက်နေခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုက တရုတ်အစိုးရရဲ့စေ့စပ်ညှိနှိုင်းမှုနဲ့ခက်ခဲစွာရရှိထားတဲ့အပစ်ရပ်သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး နှစ်ဖက်ယုံကြည်မှုကိုထိခိုက်စေတယ်လို့ MNDAAကထုတ်ပြန်ပြီးတဲ့နောက် စစ်ကောင်စီ လေကြောင်းကနေကင်းထောက်နေမှုတွေ ရပ်တန့်သွားပါတယ်။
လက်ရှိမှာ TNLAနဲ့ MNDAA တင်းမာမှုဖြစ်နေစဉ်မှာပဲ စစ်ကောင်စီကလေကြောင်းကင်းထောက်မှု ပြန်လည်ပြုလုပ်လာတာဖြစ်ပါတယ်။
တအာင်းတပ် TNLAနဲ့ ကိုးကန့်တပ်MNDAAဟာ အာရက္ခတပ်တော်(AA)နဲ့အတူ မြောက်ပိုင်း ညီနောင် သုံးဖွဲ့မှာ ပါဝင်ပါတယ်။ လက်ရှိမှာလည်း
မူဆယ်မြို့နယ်က ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်နဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ် ထိန်းချုပ်ရေးနဲ့ ကုန်သွယ်ရေးကို ပူးတွဲစီမံခန့်ခွဲနေတာပါ။
MNDAA နှင့် TNLA တပ်ဖွဲ့ကြားရှိပဋိပက္ခကိုငြိမ်းငြိမ်းချမ်းချမ်းဖြင့်ဖြေရှင်းဖို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် “ (UWSA)က ကြားဝင်ညှိနှိုင်း ပေးနေတယ်လို့လည်းသိရပါတယ်။ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ TNLAနဲ့ MNDAA နှစ်ဘက်စလုံးကသတင်းမထုတ်ပြန်သေးပါဘူး။

















































