ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိဖို့ ဆွေးနွေးနေတာတွေဟာ ၉၀ ရာခိုင်နှုန်းလောက် အသင့်ဖြစ်နေပြီလို့ ယူကရိန်း သမ္မတက နှစ်သစ်ကူး မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့က မိန့်ခွန်းမှာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ပြောကြားခဲ့တဲ့ မိန့်ခွန်းရဲ့ အဓိက ဆိုလိုရင်းဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ယူကရိန်းက အစွမ်းကုန် ဆက်လက် ကြံ့ကြံ့ခံနေတယ်ဆိုတဲ့ သတင်းစကားလည်း ဖြစ်ခဲ့ပါတယ်။
သူက အမေရိကန် အစိုးရ ကြားဝင် စေ့စပ်ပေးနေမှုနဲ့အတူ ရုရှားနဲ့ ယူကရိန်းကြားက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ၉၀ ရာခိုင်နှုန်းလောက်က အဆင်သင့် ဖြစ်တဲ့ အဆင့်ထိ ရောက်နေကြောင်း၊ ဒါပေမဲ့ လက်ကျန် ၁၀ ရာခိုင်နှုန်းက ငြိမ်းချမ်းရေး၊ ယူကရိန်းနဲ့ ဥရောပရဲ့ ကံကြမ္မာတွေကို အဆုံးအဖြတ် ပေးသွားလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
သူက ညှိနှိုင်းဆွေးနွေးမှုတွေမှာ ယူကရိန်းကို ဝိုင်းဝန်း အားပေး ထောက်ခံခဲ့တဲ့ နိုင်ငံ အသီးသီးကို ကျေးဇူးတင်ကြောင်းလည်း နှစ်သစ်ကူး မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပေမယ့် စစ်ပြီးကာလ ယူကရိန်းရဲ့ လုံခြုံရေး အစီအမံတွေအတွက် ထိရောက်တဲ့ အာမခံချက်မျိုး ဖန်တီးပေးဖို့ အရမ်း အရေးကြီးကြောင်းလည်း ထောက်ပြ သတိပေးသွားခဲ့ပါတယ်။

Public Service Announcement
အဲဒီ မတိုင်ခင်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောခဲ့တဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာတော့ ယူကရိန်း စစ်ပွဲမှာ အောင်ပွဲခံနိုင်မယ် ဆိုတာကို ယုံကြည်ကြောင်း ပါရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့တုန်းက ရုရှားဟာ နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရှိနေတဲ့ ပူတင်ရဲ့ စံအိမ်ကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်အတွက် အထောက်အထား တချို့ကို ထုတ်ပြခဲ့ပါတယ်။ ယူကရိန်းကတော့ ပူတင်ရဲ့အိမ်ကို ပစ်မှတ်ထားခဲ့တယ်ဆိုတာ လုံးဝ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
ယူကရိန်းရဲ့ မဟာမိတ်ဖြစ်တဲ့ ဥရောပ သမဂ္ဂ(EU)ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ခါဂျာ ကာလက်စ်ကတော့ ရုရှားဟာ စစ်ရပ်စဲရေး ကိစ္စကို အမှန်တကယ် မလိုလားတာကြောင့် လမ်းကြောင်းလွှဲဖို့ အကြောင်းပြချက်တွေ လုပ်ကြံ ဖန်တီးနေတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း ရုရှား၊ ယူကရိန်းတို့နဲ့ သီးခြားစီ ညှိနှိုင်းမှုတွေမှာ တိုးတက်မှုတွေ တွေ့နေရပေမယ့် ကျော်ဖြတ်ရမယ့် အတားအဆီးတချို့ ကျန်နေသေးတယ်လို့ ပြောကြားထားပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စတင်ခဲ့တဲ့ ရုရှားရဲ့ ကျူးကျော်စစ်ဟာ ၄ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး ယူကရိန်းပိုင်နက်ရဲ့ ၅ ပုံ ၁ ပုံလောက်ကို ရရုရှားတပ်တွေက ထိန်းချုပ်ထားပါတယ်။
ကိုးကား: BBC

















































