၂၀၂၆ ခုနှစ် စတင် ဝင်ရောက်လာခြင်းကို ကမ္ဘာတလွှားက နိုင်ငံအသီးသီးမှာ ပြည်သူတွေက စုဝေးပြီး ကြိုဆိုခဲ့ကြပါတယ်။
အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာခဲ့တဲ့နောက် သိသိသာသာ ပြောင်းလဲသွားတဲ့ နိုင်ငံတကာ အခင်းအကျင်းတွေကို ဖြတ်သန်းခဲ့ရတဲ့ ၁၂ လတာ ကာလအပြီးမှာတော့ ဒီဇင်ဘာ ၃၁ ရက်နေ့တုန်းက ကမ္ဘာ့နိုင်ငံ အသီးသီးဟာ သန်းခေါင်ယံ အချိန်မှာ နှစ်သစ်ကူး ကြိုဆိုပွဲ အခမ်းအနားတွေ စီစဉ် ကျင်းပခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ ထရမ့်ရဲ့ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေကြောင့် တစ်ကမ္ဘာလုံးမှာ ကျယ်ပြန့်တဲ့ အကျိုးဆက်တွေ ရိုက်ခတ်ခဲ့သလို နိုင်ငံအချင်းချင်း ဖြစ်ပွားတဲ့ စစ်ပွဲတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ ဂါဇာပဋိပက္ခကို အဆုံးသတ်စေမယ့် ကနဦး ခြေလှမ်းအဖြစ် အရေးပါတဲ့ အပစ်ရပ် သဘောတူညီမှုလည်း ထွက်ပေါ်လာခဲ့ပါတယ်။
စံတော်ချိန် သတ်မှတ်ချက်အရ နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးကို အစောဆုံး ကြိုဆိုခွင့်ရတဲ့ ကမ္ဘာ့အထင်ကရ မြို့ကြီးတစ်ခုဖြစ်တဲ့ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာတော့ ဆစ်ဒနီ ဆိပ်ကမ်းတဝိုက် ရောင်စုံ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး ၂၀၂၆ ကို ကြိုဆိုခဲ့ပါတယ်။ ဆစ်ဒနီ မြို့ခံတွေက သူတို့ရဲ့မြို့ကို ကမ္ဘာကြီးရဲ့ နှစ်သစ်ကူး မြို့တော်လို့ တင်စားလေ့ ရှိပါတယ်။

Public Service Announcement
ဒါပေမဲ့လည်း ဆစ်ဒနီရဲ့ နှစ်သစ်ကူး ပျော်ရွှင်မှုတွေဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဘွန်ဒီကမ်းခြေမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း လူ ၁၅ ဦး သေဆုံးခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုရဲ့ အရိပ်ထိုးမှုကိုတော့ ခံနေခဲ့ရပါတယ်။ အဲဒီ ပစ်ခတ်မှုဟာ နှစ်ပေါင်း ၃၀ လောက်အတွင်း ဩစတြေးလျမှာ အဆိုးဆုံး အစုလိုက် ပစ်ခတ် သတ်ဖြတ်ခံရမှု ဖြစ်လာခဲ့ပါတယ်။
ဆစ်ဒနီဟာ နှစ်သစ်ကူးကို တခမ်းတနား ကြိုဆိုတဲ့ ပထမဆုံး ကမ္ဘာကျော် မြို့တော်တစ်ခု ဆိုပေမယ့် ကီရီဘာတီနဲ့ နယူးဇီလန်တို့လို ပစိဖိတ် ဒေသတွင်း နိုင်ငံတွေကတော့ နှစ်သစ်ကူးကို ဩစတြေးလျနိုင်ငံထက် ပိုပြီး အချိန်စော ကြုံတွေ့ခွင့် ရခဲ့ပါတယ်။
နောက်တော့ အာရှနဲ့ ဥရောပ နိုင်ငံတွေမှာလည်း နှစ်သစ်ကူး ကြိုဆိုပွဲ အခမ်းအနားတွေကို စည်စည်ကားကား ကျင်းပခဲ့ပါတယ်။ ဟောင်ကောင်မှာတော့ နှစ်သစ်ကူး မီးရှူးမီးပန်း ပစ်ဖောက်မှုတွေ ပြုလုပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ အကြောင်းကတော့ နိုဝင်ဘာလတုန်းက အထပ်မြင့်အိမ်ရာတစ်ခု မီးလောင်မှုကြောင့် သေဆုံးခဲ့သူ ၁၆၁ ဦးအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြသဖို့ ဖြစ်ပါတယ်။
ဂျာမနီ အပါအဝင် ဥရောပ နိုင်ငံတချို့မှာတော့ နှစ်သစ်ကူး ကာလမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်ခြေကို စိုးရိမ်တဲ့အတွက် လုံခြုံရေး အင်အား အလုံးအရင်း ဖြန့်ကျက်ထားခဲ့ကြောင်း သိရပါတယ်။
ကိုးကား: CNA


























































