ဇန်နဝါရီ-၂၊ ၂၀၂၆။မေရီ/People’s Spring
ရန်ကုန်နဲ့ မန္တလေးမြို့အပါအဝင် စစ်ကောင်စီထိန်းချုပ်မြို့၊ရွာတွေက နေအိမ်တွေနဲ့ဆိုင်ခန်းတွေမှာ နိုင်ငံတော်အလံ မဖြစ်မနေထောင်ဖို့ ဖိအားပေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်နဲ့ ၎င်းတို့လက်အောက်ခံ ပျူစောထီးတွေက နေအိမ်တွေနဲ့ ဆိုင်ခန်းတွေမှာ နိုင်ငံတော်အလံတွေ ကိုယ့်အစီအစဥ်နဲ့ကို ဝယ်ပြီး ထောင်ထားဖို့ လိုက်လံဖိအားပေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
“ မထောင်ရင် ဘာဖြစ်မယ်ဆိုတာ အာမမခံဘူးလို့ ပြောသွားတယ်” လို့ ပြည်ကြီးတံခွန်မြို့နယ်က အလံထောင်ထားရတဲ့ ရပ်ကွက်တစ်ခုမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement
အလံအသေးတစ်ခုဟာ ကျပ် ကိုးထောင်ကျပ်ဝန်းကျင်၊ အကြီးတစ်ခု ကျပ်တစ်သောင်းခွဲဝန်းကျင်ရှိတာကြောင့် စားဝတ်နေရေးခက်ခဲတဲ့ နေအိမ်တချို့ဟာ အခက်တွေ့နေတယ်လို့လည်း သိရပါတယ်။
နေအိမ်အများစုကတော့ အလံသေးတွေထောင်ထားရပြီး ဆိုင်တွေကတော့ အလံကြီးတွေထောင်ပေးထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်ဟာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ကြီးစိုးရာမြို့နယ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ၅၉လမ်း၊ ၁၁၄လမ်းနဲ့ ၁၁၅လမ်းကြားရှိ အမှိုက်ကန်အနီးမှာ ရိုက်နှက်နှိပ်စက်ခံထားရပြီး ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ပျူစောထီးတွေက လာပစ်သွားခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ မကွေးတိုင်းဘက်မှာလည်း နေအိမ်မှာအလံတွေထောင်ကြဖို့နဲ့ မထောင်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
မကွေးတိုင်း၊ မကွေးနဲ့ မင်းဘူးမြို့နယ်တွေက နေအိမ်တွေနဲ့ ဆိုင်ခန်းတွေမှာ လာမယ့် ဒီဇင်ဘာ ၃၁ရက်ကနေ ဇန်နဝါရီ ၄ရက်နေ့အထိ ၅ရက်ကြာ နိုင်ငံတော်အလံတွေထောင်ကြဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်ခန်းရှင်များအနေနဲ့ စျေးဆိုင်ခန်းများ၊ နေအိမ်များမှာ နိုင်ငံတော်အလံတွေကို ဒီဇင်ဘာ ၃၁ရက်ကနေ ဇန်နဝါရီ ၄ ရက်နေ့အထိ လွှင့်ထူသွားဖို့ မကွေးစည်ပင်ဌာနထုတ်ပြန်တဲ့စာကို အရပ်ဝတ်တွေက လိုက်ဝေခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
လာမယ့် ဇန်နဝါရီ ၄ရက်မှာ ကျရောက်မယ့် (၇၈)နှစ်မြောက် လွတ်လပ် ရေးနေ့မှာ တစ်နိုင်ငံလုံး၌ နိုင်ငံတော်အလံတွေ လွှမ်းခြုံနေစေရေးအတွက်ဟု စစ်ကောင်စီက အကြောင်းပြထားပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့မှာလည်း နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေ အလံထောင်ကြဖို့ ဖိအားပေးနေတယ်လို့ ဆိုပါတယ်။
” ရန်ကုန်မှာလည်း တချို့ကြောက်လို့ အလံတွေစထောင်နေရပြီ။ အိမ်မှာ သူတို့အလံကြီးထောင်ထားရတာ ကျက်သရေမရှိဘူးလို့ ခံစားရတယ်” လို့ ရန်ကုန်မြို့ စမ်းချောင်မြို့နယ်မှာနေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

















































