ဆွစ်ဇာလန် နိုင်ငံက အပန်းဖြေ စခန်းတစ်ခုမှာ ဖြစ်ပွားတဲ့ မီးလောင်မှုအတွင်း လူပေါင်း ၄၀ ဝန်းကျင် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

အရက်ဘား တစ်ခုမှာ နှစ်သစ်ကူး ပွဲတော် ကျင်းပပြီး သန်းခေါင်ကျော် အချိန်မှာ စတင်ပြီး မီးလောင်ခဲ့တာပါ။ အဲဒီဖြစ်ရပ်မှာ ဒဏ်ရာရသူလည်း ၁၁၅ ဦးရှိခဲ့ပြီး တချို့က အခြေအနေ အရမ်းဆိုးတယ်လို့ ရဲတွေက ပြောပါတယ်။
ဆွစ်ဇာလန် တောင်ပိုင်းက ကရန်စ်မွန်တာနာမှာ ရှိနေတဲ့ Le Constellation အရက်ဘားမှာ နှစ်သစ်ကူး ကြိုဆိုပွဲ ပါတီတွေ မပြီးသေးခင် မီးစလောင်ခဲ့တာ ဖြစ်ပါတယ်။
မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်မျိုး ဖြစ်နိုင်ခြေကိုတော့ အာဏာပိုင်တွေက ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။

Public Service Announcement
သေဆုံး ဒဏ်ရာရသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ ဖရက်ဒရစ် ဂစ္စလာက ပြောပါတယ်။ လက်ရှိမှာတော့ ဦးစားပေး ဆောင်ရွက်နေတာဟာ ရုပ်အလောင်းတွေ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားပြီး မိသားစုဆီ အမြန်ဆုံး ပြန်လည် ပေးအပ်နိုင်ဖို့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ညပိုင်းမှာ နာရီအတော်ကြာ လောင်ကျွမ်းခဲ့တဲ့ မီးအတွင်း ဒဏ်ရာရသူတွေကို ရွှေ့ပြောင်းပေးဖို့ ရဟတ်ယာဉ် ၁၃ စီးနဲ့ လူနာတင်ယာဉ် ၄၂ စီးကို စေလွှတ်ခဲ့ရပါတယ်။ ဒဏ်ရာရသူ အများစုဟာ အပြင်းအထန် မီးလောင်မှုတွေ ခံထားရပြီး တော်တော်များများက အသက်လု ကုသမှုတွေ ခံယူနေရတယ်လို့ ဒေသရဲ့ အုပ်ချုပ်ရေးမှူး မက်သီးယက်စ် ရေးနက်ဒ်က ပြောကြားသွားပါတယ်။
ကရန်စ်မွန်တာနာမြို့ တည်ရှိရာ ဗာလိုင်စ်ဒေသဟာ ကမ္ဘာလှည့် ခရီးသည်တွေကြားမှာ အထူးရေပန်းစားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဗာလိုင်စ်မှာရှိတဲ့ ဆီယွန်ဆေးရုံရဲ့ အရေးပေါ် လူနာဆောင်ကတော့ ချက်ချင်းပဲ လူပြည့်သွားပြီး ကျန်းမာရေး ဝန်ထမ်းတွေပါ မနိုင်မနင်း ဖြစ်ကုန်ပါတယ်။ တချို့ လူနာတွေကိုတော့ လော့ဆိန်းနဲ့ ဇူးရစ်ချ်တို့လို တခြားမြို့တွေမှာရှိတဲ့ ဆေးရုံတွေရဲ့ မီးလောင်ဒဏ်ရာ ကုသရေး ယူနစ်တွေဆီ ပို့ဆောင်ပေးထားပါတယ်။
သေဆုံး၊ ဒဏ်ရာရသူတွေထဲက နိုင်ငံခြားသား အရေအတွက်ကို အတိအကျ မသိရသေးပေမယ့် အီတလီ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အီတလီ နိုင်ငံသား ၁၆ ဦး ပျောက်ဆုံးနေပြီး ၁၂ ဦးကနေ ၁၅ ဦးကြား အရေအတွက်ဟာ ဆေးရုံတွေကို ရောက်နေကြောင်း ပြောပါတယ်။ အီတလီ နိုင်ငံသား ၃ ဦးကို အီတလီနိုင်ငံ၊ မီလန်မြို့က နီဂွာဒါ ဆေးရုံဆီ ပို့ဆောင်ပေးထားပါတယ်။ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပြင်သစ် ၈ ဦး ပျောက်ဆုံးနေပြီး သေဆုံးစာရင်းထဲ ပါဝင်လာနိုင်ခြေ ရှိတယ် ဆိုတာကိုလည်း မငြင်းပါဘူး။ ပြီးတော့ အနည်းဆုံး ပြင်သစ် နိုင်ငံသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ချိန်က အဲဒီအရက်ဘားမှာ လူငယ်အများအပြား ရောက်ရှိနေပြီး နှစ်သစ်ကူး ပါတီကို ဆင်နွှဲနေခဲ့တာလို့လည်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဆွစ်ဇာလန် ရှေ့နေချုပ် ဘီထရိုက်စ် ပီလော့ဒ်က မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ဘာကြောင့် အခုလောက် အသေအပျောက် များခဲ့သလဲ ဆိုတာတွေကို စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေကြောင်း ပြောပါတယ်။
မီးတောက်တွေ ထွန်းညှိထားတဲ့ ရှန်ပိန်ပုလင်းတွေကို လှေကားကျဉ်းကျဉ်းတွေကနေ သယ်ယူလာရာကနေ မတော်တဆ မီးလောင်မှု ဖြစ်ခဲ့တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပေမယ့် ပီလော့ဒ်ကတော့ လောလောဆယ်မှာ အကြောင်းရင်း အတိအကျကို ဘာမှ မပြောနိုင်သေးဘူးလို့ပဲ မှတ်ချက်ပေးသွားပါတယ်။
ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က ဆွစ်ဇာလန် အာဏာပိုင်တွေဆီ ဆက်သွယ်ပြီး ဥရောပ သမဂ္ဂ (EU)ဆီက အကူအညီတွေ ပေးပို့နိုင်ဖို့ စီစဉ်နေကြောင်း ပြောကြားထားပါတယ်။
ကိုးကား: Guardian

















































