ဂါဇာမှာ နာမကျန်း ဖြစ်နေတဲ့၊ ဒါမှမဟုတ် ဒဏ်ရာရထားတဲ့ ပါလက်စတိုင်း ကလေးငယ်တွေကို ဗြိတိန်ဆီ ခေါ်ယူပြီး ဆေးဝါး ကုသပေးမယ့် အစီအစဉ်ဟာ သီတင်းပတ် တချို့အတွင်း အသက်ဝင်လာနိုင်ကြောင်း သိရပါတယ်။
ပထမဆုံး တစ်သုတ်အဖြစ် အယောက် ၃၀ ကနေ ၅၀ ကြားလောက်ထိ ဖြစ်နိုင်တဲ့ ကလေးတွေကို ဗြိတိန်ဆီ ရွှေ့ပြောင်းပေးမယ့် အစီအစဉ်ဟာ သိပ်မကြာခင် အထမြောက်လာနိုင်တယ်လို့ BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဗြိတိန် အစိုးရဟာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဂါဇာမှာ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရနိုင်တဲ့ ကလေးငယ်တွေကို လူသားချင်း စာနာမှုအရ ကုသပေးမယ့် အစီအစဉ်အတွက် အားထုတ်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်ကို ဗြိတိန်ရဲ့ ပြည်ထဲရေး၊ နိုင်ငံခြားရေးနဲ့ ကျန်းမာရေး ဝန်ကြီးဌာနတွေ ပူးပေါင်း အကောင်အထည် ဖော်နေတာပါ။
ဗြိတိန်မှာ အသုတ်လိုက် သွားရောက်ပြီး ဆေးဝါးကုသမှု ခံယူခွင့်ရမယ့် ကလေးတွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က စိစစ် ရွေးချယ်မှာ ဖြစ်ပါတယ်။ ကလေးတွေနဲ့ မိသားစုဝင်တွေဟာ ကြားနိုင်ငံ တစ်ခုမှာ အရင်ဆုံး ဇီဝသတင်းအချက်အလက် မှတ်တမ်းတွေ ဖြည့်စွက်ရယူခံရမှာဖြစ်ပြီး အားလုံး ရှင်းလင်းပြီးပြတ်ရင် ဗြိတိန်ကို အချိန်မဆိုင်းဘဲ ချက်ချင်း ဝင်ရောက်ခွင့် ရမယ်လို့ ဆိုပါတယ်။

Public Service Announcement
ဗြိတိန်ဆီ ခေါ်ယူပြီး ဆေးဝါးကုသပေးဖို့ကိုတော့ အပြင်းအထန် နာမကျန်း ဖြစ်နေတဲ့ ကလေးတွေနဲ့ ဒဏ်ရာ ကြီးကြီးမားမား ရရှိထားတဲ့ ကလေးတွေကို ဦးစားပေး ခေါ်ယူမှာ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ အဲဒီလို အစီအစဉ်မျိုး သေချာပေါက် လုပ်ဆောင်ပေးစေလိုကြောင်း ဗြိတိန် လွှတ်တော် အမတ်တချို့ ဝန်ကြီးချုပ် ဆာကီရာ စတာမာဆီ စာပို့ပြီး စတင် တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာလည်း လွှတ်တော် အမတ် ၉၆ ဦးက စုပေါင်း ရေးသားပေးပို့တဲ့ စာထဲမှာ ဂါဇာ ကျန်းမာရေး စနစ်တစ်ခုလုံး ပျက်သုဉ်းသွားပြီ ဖြစ်တာကြောင့် နာမကျန်း ကလေးတွေရဲ့ အသက်ဘေးက အကြီးအကျယ် စိုးရိမ်နေရပြီး သူတို့ကို အမြန်ဆုံး ရွှေ့ပြောင်းပေးသင့်ကြောင်း တောင်းဆိုထားခဲ့ကြပါတယ်။
ကိုးကား: BBC











































