စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ်၊ ကမမောင်းမြို့ဆီ မဲသဝေါလမ်းပိုင်းရှိ တပ်စခန်းတွေဆီက ထုတ်နုတ်အင်အား ပေးပို့ပြီး တပ်အင်အား ကို စစ်ကောင်စီတပ်က ဖြည့်တင်းနေတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။
လှိုင်းဘွဲ့မြို့နယ် ၊ မြိုင်ကြီးငူ – မဲသဝေါလမ်းပိုင်းမှာ တပ်စွဲနေရာယူထားတဲ့ မဲသဝေါ ၊ ရင်းပိုင်စခန်းတွေက ထုတ်နုတ်အင် အား ၇၀ ခန့်ကို မြိုင်ကြီးငူ ကနေ သံလွင်မြစ်တဖက်ကမ်းရှိ ကမမောင်းမြို့စေလွှတ်ပြီး တပ်အင်အား ဖြည့် နေတာလို့သိရပါတယ်။
“ကမမောင်းကို အင်အားဖြည့်လာတဲ့တပ်က မယ်သဝေါလမ်းဘက်ကနေ ပြန်ဆင်းလာတဲ့တပ်လို့ ပြောကြတယ်” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement
ကမမောင်းမြို့ဟာ ကရင်ပြည်နယ်မြို့တော် ဘားအံကနေ ဆိုရင် Google Map ရဲ့တိုင်းထွာချက်အရ မိုင် ၅၀ ကျော်ဝေးကွာပါတယ်။
ဘားအံ – ဖာပွန် လမ်းပိုင်းမှာအရေးပါတဲ့ ကမမောင်းမြို့ကို KNU တပ်မဟာ (၅) နဲ့ပူးပေါင်းတပ်တွေ က ဝင်ရောက်တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်နေချိန်မှာ စစ်ကောင်စီတပ်က အင်အားဖြည့်နေတာပါ။
ဒါအပြင် ကမမောင်းမြို့ တဝိုက်က ရွာတွေကို စစ်ကောင်စီလေတပ်က ဗုံးကြဲတာ ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက စတင် လုပ်ဆောင်လာတယ်လို့လည်းသိရပါတယ်။
စစ်ရေးတင်းမာမှုနဲ့ တိုက်ခိုက်မှုတွေကြောင့် ကမမောင်းတဝိုက်က ဖားဘောင်၊ မဲသနပ်ခီး၊ ကပ်ကျော် ရွာတွေက ဒေသခံတွေ ဟာ သံလွင်မြစ်တဖက်ကမ်း မြိုင်ကြီးငူ ဘက်ဆီ စစ်ရှောင်နေရတယ်လို့သိရပါတယ်။
ကမမောင်းမှာတော့ စစ်ကောင်စီတပ်က ဗျုဟာ တစ်ခု အခြေစိုက်ထားပါတယ်။
ကမမောင်းမြို့ဟာ KNU ရဲ့ အုပ်ချုပ်မှုနယ်မြေသတ်မှတ်ပုံအရ မြို့ တောင်ဘက်ခြမ်း မှာ တပ်မဟာ (၅) ဖာပွန်ခရိုင် ၊ မြို့အရှေ့ဘက် သံလွင်မြစ် တဖက်ကမ်းကတော့ တပ်မဟာ (၇) နယ်မြေ လှိုင်းဘွဲ့မြို့နယ်နဲ့ မြောက်ဘက် မှာ တပ်မဟာ(၁) နယ်မြေ ဘားအံမြို့နယ် တို့ ဖြစ်ပါတယ်။
ဖာပွန်ကိုတော့ KNU တပ်မဟာ (၅) ကထိန်းချုပ်ထားပြီး ဖာပွန်ဆီ စစ်ကူပို့ရာ ဖာပွန် – ကမမောင်းလမ်းတလျောက်ကို တပ်စခန်းကိုတွေ ကို ဆက်တိုက် သိမ်းယူရာမှာ ကမမောင်းနဲ့ မိုင် ၂၀ ခန့်အကွာက ကတိုင်တိ စခန်းအထိ ရှင်းလင်းထားနိုင်ပြီလို့ သိရပါတယ်။
အဲဒီနောက်မှာတော့ ကမမောင်းကို KNU တပ်မဟာ (၅)က စစ်ရေးအရ ခြိမ်းခြောက်လာနိုင်တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းကိုတွေ့ရပုံ ( ပုံဟောင်း)
