အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော် လေဆိပ်တစ်ခုရဲ့ ထွက်ပေါက်မှာရှိတဲ့ ကားလမ်းပေါ်ကို အမိုးပြိုကျခဲ့တာကြောင့် ထိခိုက်သေကြေမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဇွန်လ ၂၇ ရက်နေ့တုန်းက လေဆိပ်ရဲ့ Terminal အမှတ် ၁ ထွက်ပေါက်နားက ကားတွေ ရပ်နေတဲ့ လမ်းပေါ်ကို အမိုးကြီး ရုတ်တရက် ပြိုဆင်းလာခဲ့တာ ဖြစ်ပါတယ်။ မျက်မြင်တွေက အမိုးကို ထောက်ကန်ပေးထားတဲ့ တိုင်လုံးတွေကလည်း ကားလမ်းပေါ် ရပ်ထားတဲ့ ကားတွေပေါ် ကျိုးကျကုန်တယ်လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်မှာ လူ ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မတော်တဆ အခြေအနေကြောင့် Terminal အမှတ် ၁ မှာ လေယာဉ် ခရီးစဉ်တွေ အားလုံးအတွက် ဝန်ဆောင်မှုကို ယာယီ ရပ်ဆိုင်းထားလိုက်ကြောင်း လေဆိပ် အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
အမိုးပြိုကျမှု အကြောင်းရင်းကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ဒါပေမဲ့ အဲဒီပြဿနာ မတိုင်ခင် လေဆိပ်တဝိုက်မှာ မိုးသည်းသည်းမည်းမည်း ရွာသွန်းနေခဲ့တာနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း လေဆိပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

Public Service Announcement
အမိုးပြိုကျချိန်မှာ ကား ၄ စီးက ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီး ဒဏ်ရာရသူ ၈ ဦးရဲ့ အခြေအနေကတော့ စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။
အခုဖြစ်ရပ်ကြောင့် ထောင်နဲ့ချီတဲ့ ခရီးသည်တွေ၊ အထူးသဖြင့် ပြည်တွင်း ခရီးစဉ်တွေ ထွက်ခွာမယ့်သူတွေဟာ နှောင့်နှေးမှုတွေ ကြုံခဲ့ရပါတယ်။ လေကြောင်းလိုင်း တချို့ကတော့ လေဆိပ်မှာ ရှိနေတဲ့ တခြား Terminal နှစ်ခုဆီ ခရီးစဉ်တွေ ရွှေ့ပြောင်းဖို့ ကတိုက်ကရိုက် လုပ်ဆောင်ခဲ့ကြပါတယ်။
ဒေလီနိုင်ငံတကာ လေဆိပ် ကုမ္ပဏီ လီမိတက်က ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းဖို့ နည်းစနစ် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဆက်စပ် အေဂျင်စီတွေနဲ့ ညှိနှိုင်းပြီး terminal အမှတ် ၁ မှာ ပုံမှန် လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့လည်း အပူတပြင်း ဆောင်ရွက်နေတယ်လို့ ကုမ္ပဏီဖက်က ထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယ ဖက်ဒရယ် အစိုးရရဲ့ လေကြောင်း ပို့ဆောင်ရေး ဝန်ကြီး ရမ်မိုဟန် နိုင်ဒူ ကျင်ဂျာရာပူက သေဆုံးသူရဲ့ မိသားစုအတွက် ရူပီး ၂ သန်း (ဒေါ်လာ ၂၄၀၀၀ ဝန်းကျင်)နဲ့ ဒဏ်ရာရသူ တစ်ဦးစီအတွက် ရူပီး ၃ သိန်းစီ နစ်နာကြေး ပေးသွားမယ်လို့ ကြေညာထားပါတယ်။
ကိုးကား: BBC
