မြောက်ကိုရီးယားဟာ ဟိုက်ပါဆောနစ် မြန်နှုန်းမြင့် ဒုံးကျည် တစ်စင်းကို စမ်းသပ် ပစ်ခတ်ခဲ့ပေမယ့် အောင်မြင်မှု မရဘဲ ဖြစ်ခဲ့ပုံ ပေါ်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၂၆ ရက်နေ့တုန်းက မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်တဲ့ ဒုံးကျည်တစ်စင်းဟာ လေထဲမှာတင် ပေါက်ကွဲသွားခဲ့တယ်လို့ တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်က ပြောကြားခဲ့ပါတယ်။ အဲဒီဒုံးကျည်ဟာ အနည်းဆုံး အသံထက် ၅ ဆပိုမြန်အောင် ပျံသန်းနိုင်တဲ့ ဟိုက်ပါဆောနစ် နည်းပညာ ပါဝင်တဲ့ အမျိုးအစား ဖြစ်ဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။
တောင်ကိုရီးယားဖက်ကို အမှိုက်ထုပ်တွေ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းတွေကို မြောက်ကိုရီးယားက အမြောက်အမြား ထပ်မံမလွှတ်တင်ခင် မနက်အစောပိုင်းမှာ အဲဒီဒုံးကျည် စမ်းသပ်မှုကို လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ တောင်ကိုရီးယားရောက် မြောက်ကိုရီးယား ပြည်ပြေးတွေက ကင်မ်ဂျုံအွန်ရဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းတွေကို မြောက်ကိုရီးယား ပိုင်နက်ဖက် လွှတ်တင်ခဲ့လို့ မြောက်ကိုရီးယားက အခုလို လက်တုံ့ပြန်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ထောက်လှမ်းရေး ဌာနတွေဟာ မြောက်ကိုရီးယား လွှတ်တင်ခဲ့တဲ့ ဒုံးကျည်ရဲ့ ပျံသန်းမှု လမ်းကြောင်းနဲ့ အမျိုးအစားတွေကို ဆန်းစစ်နိုင်ဖို့ အလေးအနက် စောင့်ကြည်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ဒုံးကျည်ဟာ ကီလိုမီတာ ၂၅၀ လောက် ခရီးပေါက်အောင် ပျံသန်းပြီးတဲ့နောက် လိုရာပစ်မှတ် မရောက်ခင် ပေါက်ကွဲသွားဟန် ရှိတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

Public Service Announcement
ဒုံးကျည်ကနေ ဖြစ်သင့်တဲ့ ပမာဏထက် မီးခိုးတွေ အများအပြား အူထွက်ခဲ့တာကို ကြည့်ရင် တွန်းကန် ပေါက်ကွဲအား စနစ်မှာ ပြဿနာ ရှိခဲ့တယ်လို့ ယူဆရကြောင်း တောင်ကိုရီးယား လက်နက် ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ဂျပန်ကလည်း မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှုကို ထောက်လှမ်း သိရှိခဲ့ကြောင်း သီးခြား အတည်ပြုခဲ့ပါတယ်။
ဒုံးကျည် အစိတ်အပိုင်းတွေဟာ ဂျပန်ပင်လယ်ထဲ ကျဆင်းသွားဖွယ် ရှိတာကြောင့် အဲဒီ ဧရိယာတွေမှာ လှုပ်ရှားသွားလာနေတဲ့ ရေယာဉ်တွေကို သတိပေး နှိုးဆော်ခဲ့ပြီး ဒုံးကျည် အစိတ်အပိုင်းတွေ တွေ့ရင်လည် ချဉ်းကပ် ဆယ်ယူတာမျိုး မလုပ်ဘဲ ကမ်းခြေစောင့်တပ်ဆီ ဆက်သွယ် အသိပေးဖို့ ဂျပန်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ သမားရိုးကျ လေကြောင်းကာကွယ်ရေး စနစ်တွေနဲ့ ကြားဖြတ် ဟန့်တားဖို့ လုံးဝ မဖြစ်နိုင်သလောက်နီးပါး မြန်နှုန်းမြင့် ပျံသန်းတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အမေရိကန်၊ တရုတ်၊ ရုရှားတို့ အပါအဝင် စူပါပါဝါ နိုင်ငံကြီးတွေရဲ့ လက်နက် နည်းပညာ ပြိုင်ဆိုင်မှုမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ တီထွင်မှုဟာလည်း ရှေ့ဆုံးတန်းကနေ ပါဝင်လာခဲ့ပါတယ်။
ကိုးကား: AFP
