ဂျပန်နိုင်ငံသားတစ်ဦး ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ညပိုင်းအချိန် ဓားနဲ့ထိုးခံရလို့ ဆေးရုံတက်ရောက်ကုသမှုခံယူနေရတယ်လို့ ဂျပန်သတင်းဌာန NHK က ဖော်ပြပါတယ်။
ဂျပန်သံရုံးရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ စနေနေ့ ( ဇန်နဝါရီလ ၁၄ ) က ဂျပန်နိုင်ငံသား နှစ်ဦး ညပိုင်း ၉ နာရီ က လမ်းလျှောက်လာချိန် လူအုပ်စုတစ်စုက တိုက်ခိုက်ခဲ့ပြီး ဓားနဲ့ထိုးလို့ ဂျပန်နိုင်ငံသားတစ်ဦး ဒဏ်ရာရသွားတာပါ။
တိုက်ခိုက်ခံရတဲ့ နေရာ ကို သတင်းမှာဖော်ပြထားတာမတွေ့ရပေမယ့် ဓားထိုးခံရတဲ့ ဂျပန်နိုင်ငံသားဟာ ရင်ဘတ်မှာ ဒဏ်ရာရသွားတာလို့သိရပါတယ်။
လက်ရှိ ဆေးရုံမှာ ကုသမှုခံယူနေပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ ဂျပန်သံရုံးက ဆိုထားပါတယ်။
မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ ဂျပန်နိုင်ငံသားတွေအနေနဲ့ ညပိုင်းမှာတင်မက နေ့ခင်းဘက်မှာလည်း သွားလာတာသတိထားကြဖို့ ဂျပန်သံရုံးဘက်က သတိပေးထားပါတယ်။
စစ်တပ်အာဏာသိမ်းနောက် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လုယက်တာတွေ ၊ ဓားပြတိုက်တာ တွေ ခပ်စိတ်စိတ်ဖြစ်ပွားနေတာပါ။
