လူမှုရေးပြဿနာကစပြီး ကျူးလွန်သူဟုသံသရှိသူ ၁၈ဦးအား ဖမ်းဆီးစစ်ဆေးနေ
ဇော်ထိန်၊ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာတွင် ရွာလုံခြုံရေးတပ်ဖွဲ့ဝင်အချင်းချင်း လူမှုရေးပြဿနာမှစတင်ခဲ့သည့် ပစ်ခတ်မှုအတွင်း ငါးဦးသေဆုံးခဲ့ပြီး ကျူးလွန်သူဟု သံသရှိသူ ၁၈ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း ရွှေဘိုခရိုင်အမှတ် (၁၂)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
ရွာလုံခြုံရေးတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှု သည် တည်တောရွာတွင် မေ ၂၈ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Black Tiger အဖွဲ့ဝင်ဟောင်းတစ်ဦးနှင့် ၎င်း၏ မိသားစုဝင် လေးဦးသေဆုံးခဲ့ရပြီး (၃)လသားအရွယ် ကလေးငယ် တစ်ဦးနှင့် (၅)နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် (၁၂)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

လက်ရှိ သံသယရှိသူ ၁၈ဦးသည် ရွှေဘိုခရိုင် အမှတ် (၁၂)တပ်ရင်းထံ လက်နက်ချအဖမ်းခံခဲ့ပြီး ၎င်းတို့အား မြို့နယ်ပလဖအဖွဲ့ထံ အပ်နှံထားကြောင်း ရွှေဘိုခရိုင်အမှတ် (၁၂)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
တည်တောရွာခံအချင်းချင်းဖြစ်ပွားသည့် ပြဿနာဖြစ်ပြီး အခြေအနေကို ထိန်းသိမ်းနိုင်ရေးအတွက် ရွှေဘိုခရိုင်တပ်ရင်း(၁၂)နှင့် ပကဖအဖွဲ့များက ကျေးရွာကို လုံခြုံရေးယူကာ အဝင်၊ အထွက် ကန့်သတ်ထားသည်။
“ခြိမ်းခြောက်တာ လုံး၀မရှိပါဘူး။ ဒေသခံတွေက ဖမ်းဆီးဖို့လိုတဲ့ အရေးကြီး တရားခံကို ဖုံးကွယ် ပေးထားတဲ့အတွက် ရွာအဝင်အထွက်ကို ယာယီ ထိန်းသိမ်းတဲ့သဘောပါ။ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲ ရှိရင်လည်း အချိန်မရွေး ပြောဖို့ ရွာခံတွေကို ပြောထားပါတယ်။ အမှုနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေကိုတော့ အဝင်အထွက် စိစစ်ပြီး ခွင့် ပြုထားပါတယ်။”ဟု ရွှေဘိုခရိုင် အမှတ်(၁၂)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
” လူမှုရေးကိစ္စကနေ စတင်တာလို့ပဲပြောရပါမယ်။ ရွာလုံခြုံရေးအဖွဲ့နှစ်ဖွဲ့ဖြစ်တာပါ။အခုဝောာ့ အခြေအနေကိုထိန်းသိမ်းထားနိုင်ပါပြီ။ စစ်ဆေးနေစဉ်ကာလမှာ ရွာကို Lock Down ချထားပါတယ်”ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးလေးဆောင်ဆိုသူအပါအဝင် အမျိုးသားသုံးဦး၊အမျိုးသမီး နှစ်ဦးသေဆုံးပြီး ကလေးငယ်တဦးအပါအဝင်သုံး ဦးဒဏ်ရာရရှိခဲ့သည်။ ပစ်ခတ်မှုဖြစ်ပွားသည့်နှစ်ဖွဲ့စလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်များစစ်ဒေသအလိုက် တည်ဆောက် ထားသည့် Chain of Command(COC)အောက်၌ မရှိဟု သိရသည်။
” ယခင်ကတော့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ နောက်ပိုင်းမှာလက်နက် ဖြုတ်သိမ်းထားခဲ့တာပါ။ အခုလိုမျိုးဖြစ်ရပ်ကိုရှုံ့ချပါတယ်”ဟု ဒီပဲယင်းမြို့မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
” လူမှုရေးပြဿနာကို လက်နက်နဲ့ဖြေရှင်းတာ တော်တော်လေး ဆိုးပါတယ်။ ဒါကို NUG အစိုးရအနေနဲ့ သေချာကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
အမှုလာရောက်ဖြေရှင်းပေးနေသည့် ရွှေဘိုခရိုင်တပ်ရင်း(၁၂)နှင့် တည်တောရွာခံများကြား နားလည်မှုလွဲချော်ခြင်းများ ဖြစ်ပေါ်နေသည်။
“တရားဥပဒေ စိုးမိုးရေးကို ပြည်သူတွေ အပါအဝင် အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုပါမယ်။ ဒါမှသာ နောက်ဆက်တွဲအပြန်အလှန် လက်စားချေတာတွေ ပပျောက်မှာပါ”ဟု ၎င်းက ဆိုသည်။
ဒီပဲယင်းမြို့နယ်သည် ရွှေဘိုခရိုင်၌ပါဝင်ပြီး စစ်အာဏာရှင်တော်လှန်ရေးအားကောင်းသည့် မြို့နယ်ဖြစ်သည်။
