မေ ၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ် ကျွန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ပြီးနေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။
မေလ ၂၆ရက်က စစ်တပ်ရဲ့ ခလရ(၂၆၄) တပ်ရင်းက ဟောင်ဝှစ်ဇာလက်နက်ကြီး ၂လုံးနဲ့ ကျေးရွာအတွင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့လို့ အသက်(၃၆)နှစ်အရွယ် အမျိုးသမီး ၁ဦး၊ အသက် (၅၂)နှစ်နဲ့ (၆၁)နှစ်အရွယ် အမျိုးသား ၂ဦး တို့ ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃လုံး ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

Public Service Announcement
စစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေ လယ်ဒိုမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေ သုံးပြီး အရပ်သား နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေလို့ ပြည်သူတွေ ကြောက်ရွံ့စွာ အသက်ရှင်နေထိုင်နေကြရကြောင်း KNUက ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ မေလ ၂၆ရက်ကလည်း လယ်ဒိုမြို့နယ် ငဖယ်အင်းရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ ပြည်သူလူထု နေအိမ်နဲ့ နွားလှည်းတွေ နွားတင်းကုတ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
မေလ ၂၄ရက်ကလည်း KNU အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် ကျိုက်ဒုံမြို့ကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေယာဉ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၃ဦး သေဆုံးကာ မိန်းကလေးငယ် အပါ၀အင် ၂ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


















































