close
Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်အာဏာသိမ်းမှု​ကြောင့် ပျောက်ကွယ်သွားတဲ့ အညာ ၁၂ ပွဲ ဈေး

လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။

(စစ်တပ်အာဏာမသိမ်းခင်က စည်ကားခဲ့တဲ့သစ္စာရဘုရားပွဲ​ဈေး ။ဓါတ်ပုံ-​ဒေသခံ)

-ဝသန်/People’s Spring

လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။

အညာသီဟ တောဘုရားပွဲကစလို့ အညာ ဒေသရဲ့ ရိုးရာပွဲ ဈေး တွေ အကြောင်း ရေးထားတာဟာ ကိုယ်တိုင်ပွဲ ဈေး ရောက်သွားသလို ခံစားရပြီး အညာ မြေ ဗုဒ္ဓရိုးရာ ဘုရားပွဲ တွေရဲ့ ရိုးရာကိုလည်း ခံစားရ စေပါတယ်။

ဒီလို ရိုးရာပွဲ တွေ ဟာခေတ်အဆက်ဆက်ရှိခဲ့ပေမယ့်သာသနာပြုမင်းလို့ ကင်ပွန်းတက်လာတဲ့ အာဏာလုခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်မှာ အားလုံး ပျောက်ကွယ်ခဲ့ပါပြီ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ကဆုန်လပြည့် ညောင် ရေသွန်းပွဲ နေ့ဟာ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အ ရှေ့ခြမ်းမှာ မြို့နယ်သုံးခုက ပြည်သူတွေ ပါဝင်ဆင်နွှဲတဲ့ ရိုးရာ ဘုရားပွဲတခုရှိပါတယ်။အဲတာကတော့ စစ်တပ်စစ်ကြောင်းတွေ ကြားထဲမှာရှိ နေတဲ့ သစ္စာရဘုရားပွဲပါ။

တရွာတပုဒ်ဆန်းဆိုသလို ဒီနယ်တ ကြောမှာ နေထိုင်ကြတဲ့ ပြည်သူ တွေဟာ ဝက်လက်နယ်၊စဉ့်ကူးနယ် ကျွန်းပေါ် ဒေသနဲ့ မတ္တရာမြို့နယ်အစပ်တို့ကို ဘုရားနယ်နိမိတ်လို့ သတ်မှတ်ကြပါတယ်။

ဒီနယ် မြေမှာ လုပ်ကိုင်စား သောက်ကြတဲ့ တောင်သူတွေဟာဘုရားရဲ့မြေပေါ် မှာလုပ်ကိုင်စား သောက်နေကြတာလို့မှတ်ယူပြီး ဒီဘုရားပွဲ နေ့မှာ မုန့်ဆီကြော်နဲ့ ဘုရား လောင်းလှူကြပြီး တောင်ယာထွက် ပဲ တွေနဲ့ ဘုရားရင်ပြင်တခုလုံးကိုကြဲကာ ပူဇော်ကြပါတယ်။

“ ဒီနယ် မြေကဘုရား‌ရဲ့နယ် မြေ။တောင်သူတွေက ဘုရား မြေ ပေါ်အငှားလုပ်ကိုင်ကြသူတွေ။ဘုရားပွဲမှာ ပဲတွေကို ဂျိုးစာ၊ငှက်စာ ကြဲတယ်ခေါ်တာပေါ့။အဲ့လိုကြဲပြီး ငှက်က လေး တွေစားရ‌ အောင်လုပ်တာ။အဲတာက နောက်နှစ်ဆိုကိုယ့်ယာခင်းအထွက်တိုး‌ေစတယ်” လို့ အသက်၆၅အရွယ်တောင်သူ အမျိုးသားတဦးက ရှင်းပြပါတယ်။

ဒီဘုရားပွဲကို လာတဲ့သူတွေ ဟာကိုယ်သဘောကျတဲ့သူ တွေ့ရင် ပဲတွေ နဲ့ ပစ်ပေါက်ကာ ပိုးပမ်းကြပါတယ်။ဘုရားရင်ပြင်က နေတောင်ရိုးတခုလုံးကဘုရားတွေကို ဖူးတဲ့လမ်းတ လျှောက်လုံး သင်္ကြန်ရေ ပက်သလို ပဲတွေကြဲနေကြတာပါ။

အပြန်ကျရင်လည်း ဒီလိုအများသူငှာကြဲချထားတဲ့ ပဲ တွေ မြေပေါ်ကြ နေတဲ့အထဲက လက်တစုပ် လောက်ပြန်ကောက်ယူလာကြပြီး မျိုးစေ့ လှောင်ထားတဲ့ ပဲတွေထဲ ထည့်ရင်ပဲပိုးမကျဘူးဆိုတဲ့ အယူကလည်း ရှိပြန်ပါသေးတယ်။

ဒီဘုရားပွဲကို တရက်တည်းသာ ကျင်းပ‌ ပေမယ့် မန္တလေးမြို့က နေ ကား တွေထွက်ပြီးသွားတဲ့ ဒေသခံ တွေရှိသလို မြို့နယ်သုံးခုက ပြည်သူ တွေလည်း ဘုရားဖူးရင် လာကြတာမို့ မုန့်ဈေးတန်း၊ပွဲ ဈေးတန်းနဲ့စည်ကားလှပါတယ်။

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကရှိမ်းမကားရွာတော့ ဘုရားပွဲ ဈေးကတစ်ပါတ်တိုင်ပြုလုပ်လေ့ ရှိပါတယ်။ရှိမ်းမကားရွာဆိုတာက နေ့တိုင်းမနက်ခင်းဈေးရှိပြီး အနီးနာက ကျေးရွာပေါင်း၃၀လောက်တောင်သူ တွေဟာဒီရွာကို အမှီပြုပြီး အရောင်း၊အဝယ်ပြုလုပ်ကြတာပါ။

မြန်မာလို ဝါ ခေါင်လဆိုရင် ရှိမ်းမကားဘုရားပွဲဈေး စပါပြီ။အဲဒီအချိန်ဆို အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့ ဈေးသည် တွေက ရှိမ်းမကားတရွာလုံးအပြည့်ပါ။

ဒီရွာကို အမှီပြု ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အရောင်းဝယ်ပြုလုပ် နေကြတဲ့ စဉ့်ကူးမြို့နယ်၊မတ္တရာမြို့နယ်၊ဝက်လက်မြို့နယ် ကျေးရွာ တွေက တောင်သူ တွေဟာ ဒီဈေးပွဲကို လာကြပါတယ်။ဒေသခံ ဈေးဆိုင် တွေက ဝယ်နေကြ ဖောက်သည် တွေကို မုန့်နဲ့ ရေနွေးကြမ်းဧည့်ခံကြသလို တောင်သူ တွေက ကလေးငယ် တွေ‌ ခေါ်ပြီး ပွဲဈေး တန်းလှည့်လည်ကြတာပါ။

အရုပ်သည်၊ဓား၊သေနတ်နဲ့ ပလက်စတစ်ရုပ်မျိုးစုံအသည် တွေကစလို့ အညာချည် စောင်၊တောင်သူသုံး ဓား၊ပေါက်တူး၊ပေါက်ပြား၊တောင်း၊‌‌ခါးမောက်စတဲ့ လယ်ယာသုံးပစ္စည်းအစုံအလင် တွေအထိပါပြီး ဒီအချိန်မှာ တောင်သူ တွေကတနှစ်စာ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူ စုဆောင်းကြပါတယ်။

ဒီပွဲဈေးက ဈေးသည် တွေဟာ ရှိမ်းမကားပွဲဈေးပြီးရင် တော်သလင်းလမှာ ကျင်းပတဲ့ သစ်ဆိမ့်ရွာ ဘုရားပွဲကို ကူးကြပါတယ်။

သစ်ဆိမ့်ရွာဘုရားပွဲကလည်း တပုဒ်ဆန်းပါတယ်။အဲဒီပွဲဈေးဆိုရင် ဒီလို ၁၂ပွဲဈေးသည်တွေ တင်မဟုတ်ဘဲ ဒေသခံ တောင်သူ တွေကပါ ကိုယ့်လယ်ယာထွက်ပဲနဲ့ ကုန်ပစ္စည်း တွေကို တောင်း လေးနဲ့ ထိုင် ရောင်းကြပါတယ်။

အဲဒီပွဲမှာ၁၂ပွဲဈေးသည် တွေက ဒေသထွက် လယ်ယာကုန်ပစ္စည်းတွေကိုပြန်ဝယ်ကြ ပေါ့။

သနပ်ခါးပါးကွက်ကြား၊ခေါင်းပေါင်း တွေခမောက် တွေကြား အော်ဟစ် ရောင်းချ နေကြတဲ့ပွဲ ဈေးသည် တွေရဲ့ အသံတွေ ဆူညံနေတဲ့ကာလ တွေပါ။

ဒီအသံ တွေတိတ်ဆိတ်သွားတာ အခုဆိုရင် ၅နှစ်တိုင်ခဲ့ပါပြီ။ရှိမ်းမကားရွာရဲစခန်းကို စစ်တပ်က တပ်စွဲထားပြီးဈေးတွေကိုပါ မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။လက်ရှိအချိန်အထိလည်းဒေသခံတွေရှောင်တိမ်းနေကြပြီး မကြာခဏ ကျေးရွာပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်နေတာပါ။

သစ်ဆိမ့်ရွာကိုတော့ ၂၀၂၁ခုနှစ်ကတည်းက ရဲစခန်းကိုပါ တော်လှန်ရေး တပ်တွေကသိမ်းယူခဲ့ပြီး ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့တာပါ။

၂၀၂၂ခုနှစ်အတွင်းက သစ်ဆိမ့်ဘုရားပွဲ‌‌ကျင်းပရာ ရင်ပြင်မှာ ဒေသခံပြည်သူတွေကိုစစ်တပ်က ဖမ်းဆီးပြီး ကြိုးတုပ်ထားခဲ့ပါတယ်။အဲဒီနောက် အမျိုးသားတွေကို ခေါ်သွားပြီး ရွာ မြောက်ဘက်မှာ ၇ဦးကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့ပါတယ်။

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၁၁ရက် နေ့၊ကသစ်ဆိမ့် ရွာကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးထားတယ်လို့သိရပါတယ်။ဒီရွာက နေတဆင့် နယ် မြေစိုးမိုးမှုရဖို့ကြိုးစားနေပြီး တိုက်ပွဲ တွေလည်း ဆက်တိုက်ဖြစ် နေတယ်လို့ သိရပါတယ်။

ဝက်လက်နယ်အရှေ့ခြမ်းက ၁၂ပွဲဈေးပွဲလုပ်တဲ့ ရှိမ်းမကားနဲ့ သစ်ဆိမ့်ရွာ နှစ်ရွာကို စစ်တပ်က အခြေချတပ်စွဲထားတာပါ။ဒါ့အပြင် ဒေသခံ တွေစု ပေါင်းဘုရားပွဲပြုလုပ်တဲ့ သစ္စာရ ဘုရားပွဲဟာ လည်းဒီရွာနှစ်ရွာကြားထဲမှာရှိနေတာပါ။

“ ပွဲတွေလည်း မရှိတော့ဘူး။ရွာခံ တွေပြေးနေရတာလည်း ၄ နှစ်လောက်ရှိပြီ။ရွာကလည်း မီးရှို့ခံရ၊ဗုံးကြဲခံရနဲ့ ရွာပျက်ကြီးဖြစ်နေပြီ” လို့ ဒေသခံတဦးက ​ငြီးညူရင်း​ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

အညာဒေသက စစ်တပ်စစ်ကြောင်းတွေမှာ ပါဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ သေတွင်းကနေရုန်းထွက်ကြဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက တိုက်တွန်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဆွန်ခရန် ပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားနဲ့ ဆက်စပ် လုပ်ငန်းတွေကနေ ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံ နီးပါးထိ ရရှိဖို့ ခန့်မှန်းထားပါတယ်။

ဆောင်းပါး

အညာမှာ ဆောင်းနှောင်းကာလ သီးနှံတွေပေါ်ပါပြီ။ အရင်ကတော့ သီးနှံပေါ်ချိန်ဆို တောင်သူတွေ ပျော်ကြတယ်။ ထွက်လာတဲ့ သီးနှံအပုံကြီးကို ကြည့်ရင်း ပီတီဖြစ်ကြတယ်။ ရမယ့်စျေး ကြိုတွက်ရင်း စိတ်ကူးအိပ်မက်တွေ မက်ကြတယ်။ အခုကော တောင်သူတွေ ပျော်နိုင်ကြရဲ့လား။

ဆောင်းပါး

စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေးလမ်းမကြီးဟာ အာဏာသိမ်းကာလမတိုင်မီတုန်းကတော့ နေ့ရောညပါ လူမပြတ်တဲ့ လမ်းမကြီးတစ်ခုပါ။ တရေးနိုးထသွားတောင် ဘေးအန္တရာယ်မရှိ သွားလမ်းကော လာလမ်းပါ ဖြောင့်ခဲ့တဲ့လမ်း။မန္တလေးနဲ့ မုံရွာ နှစ်မြို့တစ်မြို့ဖြစ်စေခဲ့တဲ့လမ်းမကြီးပါ။ အခုတော့ မုံရွာ-မန္တလေးလမ်းမကြီးဟာ အဲဒီအခြေအနေတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားစေခဲ့ပါပြီ။

Facebook