ခါကာဘို ရေးသားသည်။
တစ်ချိန်ကစောင့်ကြည့်ထောက်လှမ်းရေစနစ် (Surveillance)ဆိုတာကိုပြောလိုက်ရင် လူအများစုရဲ့စိတ်ထဲမှာ CCTV ကင်မရာတွေ၊ လမ်းထောင့်မှာ ရဲကားရပ်ထားတာတွေ၊ ဒါမှမဟုတ် ဖုန်လိုင်းကြားဖြတ်နားထောင်တာ မျိုးတွေကိုပဲ မြင်ကြပါတယ်။
ဒါပေမဲ့ယနေ့ခေတ်တရုတ်ရဲ့စောင့်ကြည့်ထောက်လှမ်းရေးစနစ်ကအဲဒီအဆင့်တွေကို အများကြီး ကျော်သွားခဲ့ပါပြီ။လူတစ်ယောက်ဘယ်သွားတယ်၊ ဘယ်သူနဲ့တွေ့တယ်ဆိုတာကိုသာမက သူဘာတွေ စဉ်းစားနိုင်တယ်၊ နောက် ဘာဆက်လုပ်နိုင်တယ်၊ သူမလုပ်နိုင်အောင် ဘယ်လိုထိန်းချုပ်မယ်တားမယ်၊ဒါတွေလုပ်ဘို့ ကြိုတင်သိနိုင်အောင်အထိကြိုတင်တွက်ချက်တဲ့နည်းစနစ်-Algorithmတွေနဲ့ ခန့်မှန်းဖို့ ကြိုးစားနေတဲ့ ခေတ်ဖြစ်လာနေပါပြီ။
ဒီလို ရှောင်ပုန်းဖို့ခက်ခဲတဲ့ နည်းပညာအသစ်တွေကိုဒီနေ့ခေတ်မှာပိုပြီးကျယ်ကျယ်ပြန့်ပြန့်အသုံးချလာကြတာနဲ့ အမျှ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပံ့ပိုးမှုတွေကို မှီခိုနေတဲ့ စစ်အာဏာရှင်လက်အောက်က မြန်မာနိုင်ငံအပါအဝင် အလားတူနိုင်ငံတွေလည်း ဒီလို စောင့်ကြည့်ထောက်လှမ်းရေးစနစ်တွေထဲကို အနှေးနဲ့အမြန် ပါဝင်လာနိုင်တဲ့ အန္တရာယ် မလွှဲမရှောင်သာ ရှိနေပါတယ်။

Public Service Announcement
အဲဒါကြောင့်ဒီစနစ်ရဲ့ သဘောသဘာဝနဲ့ ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေကို ပိုပြီးနားလည်နိုင်ဖို့အတွက် ဂျာမန်မီဒီယာတစ်ခုဖြစ်တဲ့ Deutsche Welle (DW) မှ De Zheng ရဲ့ မေလ ၂၄ ရက်နေ့ ဆောင်းပါးကို ကိုးကားပြီး ဖော်ပြလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ နည်းပညာအခြေပြု စောင့်ကြည့်ထောက်လှမ်းမှုစနစ်တွေအလွန်တိုးတက်လာနေပြီး အခုဆိုရင်နိုင်ငံခြားသားတွေတောင်ဘယ်နေရာမှာမှ“ဖုံးကွယ်နေကြဖို့ မလွယ်တော့ဘူး”ဆိုတဲ့အခြေအနေကို ရောက်လာတယ်လို့ သူကဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတစ်ဦးက ဂျာမန်သတင်းဌာန DW ကို တရုတ်အစိုးရရဲ့ “နည်းပညာမြင့် ရဲတပ်ဖွဲ့ကစောင့်ကြည့်ရေးစနစ်အသစ်”အကြောင်း အသေးစိတ်ဖော်ပြခဲ့တဲ့ အစီရင်ခံစာတစ်ခုက လူအများကို ထိတ်လန့်အံ့ဩစေခဲ့ပါတယ်။
“နက်အက်စ်ကာရီ(NetAskari)”လို့အမည်ဝှက်ပေးထားတဲ့ ဆိုက်ဘာလုံခြုံရေးသုတေသီ တစ်ယောက်ဟာ မကြာသေးခင်က လုံခြုံရေးအားနည်းနေတဲ့တရုတ်နိုင်ငံရဲ့ web dashboard တစ်ခုပေါ်က “သတင်းထောက်များဆိုင်ရာ အချက်အလက် စုံစမ်းရန်”လို့ရေးထားတဲ့ tab လေးတစ်ခုကို နှိပ်လိုက်မိပါတယ်။ သူ ထင်ခဲ့တာကတော့ စနစ်တစ်ခုကို စမ်းသပ်ဖို့အတွက် အလိုအလျောက် ထုတ်ပေးထားတဲ့ အချက်အလက်အတု (Mock Data) တွေပဲ ရှိနေလိမ့်မယ်ပေါ့။
ဒါပေမဲ့တကယ်တမ်းscreenပေါ်မှာ ပေါ်လာတာကတော့ရင်းနှီးပြီးသားမျက်နှာတွေဖြစ်နေပါတယ်။ အဲဒါက ဘာလဲဆိုရင် ၂၀၂၁ ခုနှစ်ဝန်းကျင်က ပေကျင်းမှာ အခြေစိုက်ခဲ့တဲ့ နိုင်ငံခြားသတင်းထောက်တွေအားလုံးနီးပါးရဲ့ အချက်အလက်တွေ အပြည့်အစုံ စုစည်းထားတဲ့ (Comprehensive Database) ကြီး ဖြစ်နေတာပါ။ အဲဒီထဲမှာလူဝင်မှုကြီးကြပ်ရေးအရာရှိတွေဆီက ရထားတဲ့ ပတ်စ်ပို့ (Passport) ဓာတ်ပုံအစစ်တွေ၊ ကိုယ်ပိုင်ဖုန်းနံပါတ်တွေ၊ ဗီဇာ (Visa) အချက်အလက်တွေနဲ့ မွေးသက္ကရာဇ်တွေအထိ အပြည့်အစုံ ပါဝင်နေပါတယ်။
ပိုပြီးထိတ်လန့်စရာကောင်းတာကအဲဒီတရုတ်ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်စာရင်း (Police Watch List) ထဲမှာ သူကိုယ်တိုင်ရဲ့ ကိုယ်ရေးအချက်အလက်တွေပါ အတိအကျ ရှိနေတာကို တွေ့လိုက်ရတာပါပဲ။
သူက DW သတင်းဌာနကို “ဒါဟာ ထိတ်လန့်စရာထက်ပိုပြီးစိတ်ဝင်စားဖို့ ကောင်းနေပါတယ်၊ တရုတ်မှာ သတင်းထောက်တစ်ယောက်အနေနဲ့ အလုပ်လုပ်ပြီဆိုကတည်းက သူတို့ရဲ့ စောင့်ကြည့်မှုအောက်(Radar) မှာ အမြဲရှိနေမယ်ဆိုတာ ကြိုတွက်ထားပြီးသားပါ။ဒါပေမဲ့ကျွန်တော့်ကိုတကယ်အံ့ဩသွားစေတာကတော့ ဒီလောက်အထိ အရေးကြီးပြီးထိရှလွယ်တဲ့စနစ်တစ်ခုကိုဒီလောက်လွယ်လွယ်ကူကူကြီး ဝင်ကြည့်လို့ ရနေတာပါပဲ” လို့ ပြောပြခဲ့ပါတယ်။
တကယ်တော့တရုတ်နိုင်ငံရဲ့အသေးစိတ်လူမှုထိန်းချုပ်ရေးစနစ် (Granular System of Social Control)ထဲက နက်အက်စ်ကာရီ မတော်တဆ ဝင်ကြည့်မိလိုက်တဲ့အရာဟာ ယနေ့ခေတ် တရုတ်နိုင်ငံမှာ အသစ်ပေါ်ထွက်လာနေတဲ့ “လူတစ်ဦးချင်းစီတွေရဲ့ အချက်အလက်အပြည့်အစုံပုံဖော်တဲ့ စနစ်” (Holographic Profiles) ရဲ့အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
သူဟာ ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ဟဲပေးပြည်နယ်၊ ကျန်းကျားခို (Zhangjiakou) မြို့ရဲ့ ပြည်သူ့လုံခြုံရေးဗျူရို (Public Security Bureau) အတွက် ရည်ရွယ်ပြီး တည်ဆောက်ထားတဲ့ အဝေးမှခြေရာခံစနစ် (Remote Tracking System) ရဲ့ စမ်းသပ်ဗားရှင်း (Demonstration Version) ထဲကို မတော်တဆ ဝင်မိသွားခဲ့တာပါ။
ဒါဟာ စမ်းသပ် panel တစ်ခုပဲ ဖြစ်ပေမဲ့ အထဲမှာ ရှိနေတဲ့ အချက်အလက်တွေကတော့ အစစ်အမှန်တွေဖြစ်ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် တရုတ်အစိုးရရဲ့ စောင့်ကြည့်ရေးယန္တရား (State Surveillance Machine) ဘယ်လောက်အထိ အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက်နေပြီလဲဆိုတာ ကွင်းကွင်းကွက်ကွက် မြင်နိုင်ပါတယ်။ သူတို့ဟာ လမ်းဘေးက ရိုးရိုး CCTV ကင်မရာတွေအဆင့်ကနေ အချက်အလက်တွေအားလုံးကို ပေါင်းစပ်ပြီး ၂၄ နာရီပတ်လုံး လူတွေရဲ့ အပြုအမူကို ကြိုတင်ခန့်မှန်းထိန်းချုပ်တဲ့ ကွန်ရက်ကြီး (Data-fused, 24/7, Predictive Social Control Behemoth) အဖြစ်ကို လျင်လျင်မြန်မြန် ကူးပြောင်းနေပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အကျယ်ပြန့်ဆုံး CCTV ကွန်ရက်ကြီးကိုနှစ်ပေါင်းများစွာကတည်းက လည်ပတ်နေတာပါ။ အဲဒီနောက် “Xueliang” (Bright Eyes – တောက်ပသောမျက်လုံးများ) လို့ ခေါ်တဲ့ အကြီးစားစီမံကိန်းတစ်ခုကိုအကောင်အထည်ဖော်ပြီး နိုင်ငံအနှံ့ ပြန့်ကျဲနေတဲ့ စောင့်ကြည့်ရေးကွန်ရက် တစ်ခုချင်းကနေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေါင်းစည်းဖို့ ကြိုးပမ်းလာခဲ့ပါတယ်။
ဒီစနစ်ဟာလမ်းထောင့်က ရဲကင်မရာ တွေကိုသာ မမှီခိုတော့ဘဲ၊ ဥပမာအားဖြင့် ပေကျင်း သို့မဟုတ် ရှန်ဟိုင်းက ရောက်လာတဲ့ လူတစ်ဦး ဘယ်ရထားတွဲ၊ ဘယ်ထိုင်ခုံမှာစီးလာတယ်အထိ မှတ်တမ်းတင်ထားနိုင်ပါတယ်။ ဒါ့အပြင် အပန်းဖြေစခန်းတွေရဲ့ ဂိတ်ပေါက်က မျက်နှာမှတ်သားစနစ်(facial-recognition ticket gate)တွေက ရိုက်ယူထားသော ဓာတ်ပုံတွေကိုလည်း tracking system နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။ မကြာသေးမီက ကျန်းကျားခိုမှာ နှင်းလျှောစီးသွားခဲ့တဲ့ သုတေသီရဲ့ မိတ်ဆွေတွေရဲ့ သွားလာခဲ့သမျှ လှုပ်ရှားမှုတွေကိုစနစ်ထဲမှာအတိအကျခြေရာခံမှတ်တမ်းတင် (map)ထားတာကိုလည်းတွေ့ရပါတယ်။
“ရည်ရွယ်ချက်က sensor အမျိုးမျိုးကနေ အချက်အလက်တွေများနိုင်သမျှများများကို စုစည်းပြီး ချက်ချင်းလက်ငင်း စီမံတွက်ချက်နိုင်ဖို့ပါပဲ” လို့သုတေသီက ဆိုပါတယ်။
ဒီစနစ်ဟာ နေ့စဉ်ဘဝအပြုအမူတွေဖြစ်တဲ့ ဓာတ်ဆီအသုံးပြုမှု၊ ပုံမှန်ဈေးဝယ်တဲ့ နေရာတွေ၊ တိုင်ကြားစာပေးပို့လ့ရှိတဲ့ နေရာတွေ(petition areas)စတဲ့ မကြာခဏသွားလာလေ့ ရှိတဲ့နေရာတွေကိုပါ မှတ်တမ်းတင်ထားပါတယ်။
ဒီ အချက်အလက်အမျိုးမျိုးကို စုစည်းချိတ်ဆက်တဲ့စနစ်ကြီး(data-fusion)ဟာလူတစ်ယာက်ရဲ့တည်နေရာ၊ အသုံးစရိတ်အလေ့အထ နဲ့ digital footprint တွေကို ပေါင်းစည်းပြီး “အချက်အလက်အပြည့်အစုံပုံဖော်တဲ့ စနစ်(holistic personnel archive)”တစ်ခုအဖြစ်တည်ဆောက်ဘို့ ကြိုးစားနေခြင်းဖြစ်ဘဲ ဖြစ်ပါတယ်။
အခုကျန်းကျားခိုရဲတပ်ဖွဲ့ရဲ့dashboard ပေါ်က အချက်အလက်တွေက ဘာကို ပြနေသလဲဆိုရင် အာဏာပိုင်တွေ အနေနဲ့ လူတစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းနဲ့သွားလာလှုပ်ရှားမှုတွေကို ဘယ်လောက်အထိ သေးသေးမွှားမွှားကအစ (Granular Detail) ခြေရာခံ ထောက်လှမ်းနိုင်နေပြီလဲဆိုတာကိုပဲ ဖြစ်ပါတယ်။
အထူးသဖြင့်အနောက်နိုင်ငံကလာတဲ့နိုင်ငံခြားသားတွေနဲ့ သတင်းထောက်တွေကို ပိုပြီး အာရုံစိုက် စောင့်ကြည့်နေပါတယ်။ ဒီစနစ်ရဲ့“smart report” မှတ်တမ်းအရ တရုတ်လုံခြုံရေးအဖွဲ့ တွေဟာ “Five Eyes” နိုင်ငံများလို့ခေါ်တဲ့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန် နဲ့ ကနေဒါနိုင်ငံသားတွေကို အဓိကထားပြီး၊ သတင်းထောက်အချို့ကိုတော့ “trackable” (အမြဲခြေရာခံရမည့်သူ) အဖြစ် tag တွဲထားပါတယ်။ သူတို့တွေ နယ်မြေတစ်ခုထဲ ခြေချလိုက်တာနဲ့ ရဲတပ်ဖွဲ့ဆီ သတိပေးချက် အလိုအလျောက် ရောက်သွားတာပါ။
အရင်ကဆိုရင် သတင်းထောက်တွေဟာ အစိုးရမျက်ကွယ်မှာလျှို့ဝှက်သတင်းယူဖို့ကိုယ်ပိုင်လှည့်ကွက်တွေ သုံးလို့ရခဲ့ပါသေးတယ်။ အခုတော့ အဲဒီ ကြောင်နဲ့ကြွက် ကစားပွဲဟာ အသုံးမဝင်တော့ပါဘူး။ “သူတို့က သင့်နောက်ကို ကားတွေနဲ့ လိုက်နေဖို့တောင် မလိုတော့ပါဘူး” လို့သူကဆိုပါတယ်။
ဘာလို့လဲဆိုတော့ သင့်ရဲ့ mobile payment လက်မှတ်ဖြတ်တာ၊ သွားလာတာ၊ လူမှုကွန်ရက်သုံးတာတွေကို အစစ အသေးစိတ်အကုန်ရယူထားတဲ့အတွက်သင်ဘယ်သွားမယ်ဆိုတာသူတို့ ကြိုသိနေလို့ပါ။ “ဒီ စနစ်ရဲ့ ထူးခြားချက်က အသေးစိတ်အချက်အလက်တွေကိုအခြေခံပြီး သင်လုပ်နိုင်မဲ့အရာတွေကို ကြိုတွေးပြီး ကြိုတင်ထိန်းချုပ်ဘို့ပြင်ဆင်နိုင်တဲ့အချက်ပါဘဲ။” သင်သွားတွေ့မယ့် သတင်းအရင်းအမြစ်တွေကိုလည်း ကြိုတင်ဖုန်းခေါ်ပြီး ခြိမ်းခြောက် ပိတ်ဆို့ထားနိုင်ပါတယ်။ ဒီတော့ လျှို့ဝှက်စုံစမ်းထောက်လှမ်းမှုဆိုတာ လုံးဝ မရှိနိုင်တော့တဲ့ အခြေအနေပါ။
ဒီစနစ်ရဲ့ အကြောက်စရာအကောင်းဆုံးနောက်တပိုင်းကတော့ လူတွေအချင်းချင်း ဆက်နွယ်မှုကို ထိန်းချုပ်တွက်ချက်နည်းစနစ်(Algorithm) နဲ့ ပုံဖော်တာ လူမှုဆက်နွယ်မှုခွဲခြမ်းစနစ် (Relationship Modeling) ပဲ ဖြစ်ပါတယ်။ ကင်မရာက ဖမ်းမိတဲ့ အကြိမ်ရေအပေါ် မူတည်ပြီး ဘယ်သူက ဘယ်သူနဲ့ သိတယ်၊ ဘယ်လောက်ကြာကြာ အတူရှိနေတယ်ဆိုတာကို ကွန်ရက်မြေပုံ (Network Graph) အဖြစ် အလိုအလျောက် ဗီဒီယိုဖော်ပြပေးနိုင်ပါတယ်။
ဒါဟာ အရင်ကလို ရဲအင်အားအများကြီး သုံးစရာမလိုဘဲ အလိုအလျောက် စောင့်ကြည့်တဲ့ စမတ်ရဲလုပ်ငန်းစနစ် (Smart Policing) ဖြစ်ပါတယ်။
လူ့အခွင့်အရေးကိုအလေးထားကြတဲ့ အနောက်ဒီမိုကရေစီနိုင်ငံတွေမှာလည်း စောင့်ကြည့်နည်းပညာတွေရှိပေမဲ့ဥပဒေကြောင်းအရငြင်းခုံဆွေးနွေးမှုတွေရှိပါတယ်။တရုတ်မှာတော့ဘာငြင်းခုံမှုမှမရှိဘဲ ရဲတပ်ဖွဲ့နဲ့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက သူတို့လုပ်ချင်တာကို စိတ်ကြိုက်လုပ်နေကြတာပါ။
ဒီစနစ်အောက်မှာ သတင်းထောက်ပဲဖြစ်ဖြစ်၊ ကမ္ဘာလှည့်ခရီးသွားပဲဖြစ်ဖြစ် နောက်ဆုံးတော့ လူသားအားလုံးဟာ data dashboard ကြီးပေါ်က code တွေ၊ နံပါတ်တွေနဲ့ vector တွက်ချက်မှုတွေအဖြစ်ပဲ သူတို့ စိတ်ကြိုက် “ထိန်းချုပ်၊ ပုံဖော်၊ ဖိအားပေးလို့ရတဲ့ ဒေတာထုထည်ကြီး” အဖြစ် အထိန်းချုပ်ခံကြရပါတယ်။
ဒီအစီရင်ခံစာကို ဖတ်ပြီး “ဒါက တရုတ်နိုင်ငံမှာပဲ ဖြစ်တာပါ၊ ငါတို့နဲ့ မဆိုင်ပါဘူး” လို့ ပေါ့ပေါ့တန်တန် သဘောထားလို့ လုံးဝမရပါဘူး။ တရုတ်ရဲ့ စစ်ရေး၊ သံတမံရေး၊ နည်းပညာနဲ့ အဘက်ဘက်က ပံ့ပိုးမှုတွေကို မှီခိုနေရတဲ့ စစ်အာဏာရှင်လက်အောက်က မြန်မာနိုင်ငံကိုလည်း “လူတွေရဲ့လွတ်လပ်ခွင့်ကို ခြေချုပ်ချရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာအထိပါ လွှမ်းမိုးချုပ်ကိုင်ပြီး ကြိုတင်တွက်ချက်နိုင်မယ့် ဒီလိုဒစ်ဂျစ်တယ်အကျဉ်းထောင်ကြီး” ကအနှေးနဲ့အမြန် ရောက်လာမှာ သေချာပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ လုံခြုံရေးတွေနဲ့ပတ်သက်ရင် ဒီအနာဂတ် အိမ်မက်ဆိုးကြီးကို ကြိုတင်မျှော်တွေးပြီး အားလုံးက အထူးအကြီးအကျယ် သတိထားကြဖို့၊ အသိတရားနဲ့ သတိတရားကိုအမြဲလက်ကိုင်ထားကြဖို့လေးလေးနက်နက် တိုက်တွန်းပါရစေ။ ။
















































