-ခါကာဘိုရေးသားသည်
အခုနှစ်တွေမှာ မြန်မာ့ကျေးလက်ဒေသတွေရဲ့အဖြစ်က အင်မတန်ရင်နာစရာပါ။ တချို့ရွာတွေကအာဏာသိမ်းစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးတာခံနေရတယ်။ တချို့တောင်သူတွေက ကိုယ့်လယ်ကိုယ် မစိုက်နိုင်တော့ဘဲ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရတယ်။ တချို့ကတော့ လုပ်ငန်းစကြဖို့ မိုးရွာတော့မလား စောင့်ရမယ့်အစား လေယာဉ်လာမလား၊ တိုက်ပွဲဖြစ်မလားကို စိုးရိမ်နေရတဲ့နေ့ရက်တွေ ဖြတ်သန်းနေကြရပါတယ်။
ဒီလိုအချိန်မှာပဲ ကမ္ဘာ့မိုးလေဝသသတင်းတွေထဲ စူပါအယ်လ်နီညိုဆိုတဲ့သတင်းကထပ်ပြီးကြားရပြန်ပါတယ်။သဘာဝဘေးအန္တရာယ်ဆိုတာ တည်ငြိမ်တဲ့နိုင်ငံတွေမှာတောင် အကြီးအကျယ် ထိခိုက်စေနိုင်တာပါ။ အခုလို စစ်ဘေး၊ စီးပွားရေးအကျပ်အတည်း၊ အိမ်ယာလို အခြေခံအဆောက်အအုံ ပျက်စီးမှုတွေကြားမှာရှိနေတဲ့ မြန်မာနိုင်ငံအတွက်ဆို ပိုပြီးစိုးရိမ်ဖို့ကောင်းလာပါတယ်။
အိမ်နီးချင်းနိုင်ငံလဲဖြစ်၊ မြန်မာလိုဘဲ စိုက်ပျိုးရေးအတွက် မုတ်သုန်မိုးပေါ် အပြည့်အဝမှီခိုနေရတဲ့ နိုင်ငံကြီးလည်းဖြစ်တဲ့ အိန္ဒိယကတော့ ဆိုးရွားလာမဲ့ရာသီဥတုအတွက် ဘယ်လိုကြိုတင်ပြင်ဆင်နေသလဲ ဆိုတာကို NDTV ရဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ ဒီလိုဖေါ်ပြထားပါတယ်။

Public Service Announcement
အိန္ဒိယအစိုးရနဲ့ မိုးလေဝသပညာရှင်တွေဟာ ၂၀၂၆ အတွက် အလွန်ပြင်းထန်လာနိုင်တဲ့ အယ်လ်နီညိုကိုစိုးရိမ်တကြီးစောင့်ကြည့်နေကြပါတယ် တဲ့။အယ်လ်နီညိုတွေဟာအိန္ဒိယရဲ့မုတ်သုန်မိုးကို အားနည်းစေတတ်လို့ပါ။အိန္ဒိယကလယ်သမားတွေ အဓိကစိုးရိမ်နေတာက မိုးရွာသွန်းမှု လျော့နည်းလာနိုင်တာပါ။မိုးနည်းလာတာနဲ့အမျှ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်နိုင်တာကြောင့်ပါ။
ဒါပေမဲ့ သိပ္ပံပညာရှင်တွေကတော့ “မိုးမညီမျှခြင်း” ကို ပိုပြီးစိုးရိမ်နေကြပါတယ်။ တချို့ဒေသတွေမှာ မိုးခေါင်နေချိန်၊တချို့ဒေသတွေမှာမိုးအလွန်အကျွံရွာပြီး ရေကြီးနိုင်ပါတယ်။ဒီလိုပြင်းထန်တဲ့ ရာသီဥတုပုံစံ (extreme weather pattern)တွေဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု (climate change)နဲ့ အယ်လ်နီညိုတို့ ပေါင်းစပ်မှုကြောင့် ပိုမိုပြင်းလာနိုင်တယ်လို့ ပြောထားပါတယ်။
ဒါကြောင့်အိန္ဒိယက“အန္တရာယ်လာမှဖြေရှင်းမယ်” ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲ ဒီလိုကြိုတင်ပြင်ဆင်မှုတွေ စလုပ်နေပါတယ်။
• မိုးခေါင်ဒါဏ်ခံနိုင်တဲ့ မျိုးစေ့တွေ အသုံးပြုဖို့
• ပြောင်းလဲလာတဲ့ရာသီဥတုပေါ်မူတည်ပြီး စိုက်ပျိုးချိန်တွေ ပြန်ညှိဖို့
• ရေထိန်းသိမ်းရေးလုပ်ငန်းတွေ တိုးမြှင့်ဖို့
• အပူလှိုင်းအန္တရာယ်ကာကွယ်ရေး အစီအစဉ်တွေ(Heat Action Plan) ချမှတ်ထားဖို့
• မိုးခေါင်မှုအရေးပေါ်တုံ့ပြန်ရေးအစီအစဉ်များ (Drought Response Plan)ကြိုတင်ပြင်ဆင်ထားဖို့
• ရေလှောင်ကန်စီမံခန့်ခွဲမှုနှင့်မြေအောက်ရေ ထိန်းသိမ်းအသုံးပြုမှုစနစ်များကိုစနစ်တကျလုပ်ဆောင်ရန် နဲ့ မြေအောက်ရေပြန်လည်ဖြည့်တင်းရေးလုပ်ငန်းများကိုပါ အကောင်အထည်ဖေါ်ဖို့ စတာတွေကို စီမံနေကြပါတယ်။
အထူးသဖြင့်စားနပ်ရိက္ခာ နဲ့ စွမ်းအင်ပိုင်းမှာပါ ကြိုတင်တွက်ဆနေကြတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သကြားတင်ပို့မှုတွေကို ကန့်သတ်ထားပြီး စားသုံးဆီနဲ့ ဓာတ်မြေဩဇာပြတ်လပ်မှုတွေ ဖြစ်လာနိုင်တာအတွက် ကြိုပြင်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။
ရာသီဥတုဟာစိုက်ပျိုးရေးတစ်ခုတည်းကိုပဲ သက်ရောက်တာမဟုတ်တော့ဘဲကုန်ဈေးနှုန်း၊သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နဲ့ နိုင်ငံတစ်နိုင်ငံရဲ့တည်ငြိမ်မှုအထိ သက်ရောက်လာနိုင်တယ် ဆိုတာကို သူတို့ ကြိုမြင်နေကြတာပါ။
ဒါဆို မြန်မာနိုင်ငံရော ဒီနေရာမှာ မြန်မာနိုင်ငံအတွက်ပိုပြီးစိုးရိမ်ဖို့ကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံဟာလည်း မုတ်သုန်မိုးပေါ် မှီခိုရတဲ့ စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံချင်းတူပေမဲ့ ရေစီမံခန့်ခွဲမှုအား
နည်းပြီး သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှု (Disaster preparedness)ကလည်း အလွန်အားနည်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေလို့ပါ။
အယ်လ်နီညိုပြင်းထန်လာရင် မြန်မာနိုင်ငံမှာလည်း အပူချိန်ပိုမြင့်လာနိုင်တယ်၊ မိုးရွာချိန်နောက်ကျ မိုးခေါင်မှုတွေ ဖြစ်လာနိုင်တယ်။ တချို့ဒေသတွေမှာ ရေရှားပါးနိုင်တယ်။ လယ်ယာထုတ်လုပ်မှု ကျဆင်းနိုင်တယ်။ လျှပ်စစ်ထုတ်လုပ်မှု ထိခိုက်နိုင်တယ်။ တောမီးနဲ့ သစ်တောပျက်စီးမှု ပိုများလာနိုင်တယ်ဆိုတဲ့ အန္တရာယ်တွေ ရှိလာနိုင်ပါတယ်။
ပိုကြောက်ဖို့ကောင်းတာက တဖက်မှာ မိုးခေါင်နေပြီး၊ တဖက်မှာ မိုးသည်းထန်ကာ ရေကြီးတာမျိုးပါ။အခုနှစ်တွေမှာမြန်မာနိုင်ငံရဲ့ရာသီဥတုကိုကြည့်ရင် “ပုံမှန်” ဆိုတဲ့ စကားက တဖြည်းဖြည်းပျောက်လာပါတယ်။နွေရာသီတွေ ပိုရှည်ပြီးအပူလှိုင်းတွေ ပိုပြင်းလာတယ်။မိုးရွာရင်လည်းအရင်လိုတဖြည်းဖြည်းမဟုတ်ဘဲ ရုတ်တရက် ပြင်းပြင်းထန်ထန်သည်းသည်းမဲမဲ ရွာချလို့ အချို့မြို့ရွာတွေ မကြုံစဘူး ရေဘေးဒါဏ်ကို ခံကြရပါတယ်။ ဒါဟာကမ္ဘာ့ရာသီဥတုပြောင်းလဲမှု(climate change) နဲ့ အယ်လ်နီညိုသက်ရောက်မှုတွေရဲ့အစိတ်အပိုင်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့်အခုလိုအချိန်မှာ အရေးကြီးဆုံးက ကြောက်နေရုံထက်လိုအပ်ချက်တွေကိုဒေသအလိုက် အတတ်နိုင်ဆုံး ဘယ်လောက်ကြိုတင်ပြင်ဆင်ထားနိုင်မလဲ ဆိုတာပါဘဲ။
ဥပမာ –
• ရေထိန်းသိမ်းရေးစနစ်တွေ ပြန်တည်ဆောက်ရန်
• ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိတဲ့ စိုက်ပျိုး
ရေးနည်းလမ်းများသို့ ပြောင်းကြရဖို့(Climate-resilient agriculture)
• သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးစနစ် (Early warning system)ကို ထိထိရောက်ရောက်နဲ့ စနစ်တကျ တည်ဆောက်ဖို့
• အပူလှိုင်းအန္တရာယ် ကာကွယ်ရေးအစီအမံများကို စနစ်တကျ ရေးဆွဲဖို့
• တောမီးကာကွယ်ရေး တိုးမြှင့်ဖို့
• မြို့ပြရေကြီးမှုအတွက် ရေနှုတ်မြောင်းစနစ် (drinage system)တွေ ပြုပြင်ဖို့လဲ အရေးတကြီး လိုအပ်လာပါလိမ့်မယ်။
အခုလိုစစ်မီးတွေ၊ ရာသီဥတုအပြောင်းအလဲတွေနဲ့ အယ်လ်နီညိုအန္တရာယ်တွေ ပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေမှာ မြန်မာ့လယ်ယာကဏ္ဍဟာ အထူးသတိထားရမယ့်အဆင့်ကို ရောက်ရှိနေပါပြီ။
လယ်သမားတွေဒုက္ခရောက်တာဟာ တစ်နိုင်ငံလုံးရဲ့ စားနပ်ရိက္ခာလုံခြုံရေးကို တိုက်ရိုက်ထိခိုက်စေနိုင်တဲ့ အရေးကြီးပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်“ဖြစ်လာမှ တုံ့ပြန်မယ်”ဆိုတာထက် ကျော်လွန်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို အခုကတည်းက အားဖြည့်တည်ဆောက်ဖို့ အချိန်ကျရောက်နေပါပြီ။ ။


















































