မေ-၂၇၊၂၀၂၆။ဒီဒီး/People’s Spring
ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ရက်က ငါ့သရောက်နယ်မြေမှာ အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံ-ဘီလူး)၊ Popa Production and Guerrila Force (PPGF)၊ညောင်ဦးခရိုင်တပ်ရင်း ၁၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ ညောင်ဦးခရိုင်အထူးတိုက်ခိုက်ရေး၊ People Democratic Army(PDA) ၊ငါ့သရောက်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံကြီးအဖွဲ့) နဲ့ ညောင်ဦးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မိုးမခ ပြောက်ကျားတပ်) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်တပ်က စစ်သား ၇ဦးဟာ လက်နက်တွေယူပြီးထွက်ပြေးသွားကြတာလို့ ညောင်ဦး ပကဖက ပြောပါတယ်။ အဲဒီနောက် စစ်တပ်က နောက်ပြန်ဆုတ်ပြီး ကျေးရွာတွေအတွင်း နားနေချိန် စစ်သား ၁၀ ဦးကျော်လောက်ဟာ ထပ်မံထွက်ပြေးသွားကြတာလို့ ညောင်ဦး ပကဖက ပြောပါတယ်။

Public Service Announcement
” စစ်ကြောင်းကအယောက် ၂၀ လောက်ထွက်ပြေးနေတာ။ တိုက်ပွဲဖြစ်တဲ့နေ့က ၇ ယောက်ထွက်ပြေးတယ်။ နောက်ဆုတ်ပြီး ရွာတွေမှာနေနေတာ။ အဲဒီမှာ ထပ်ပြီး ထွက်ပြးတာ။ စစ်တပ်က တက်မလာဘဲ ရွာတွေမှာ ခဏနားတဲ့အချိန် ထွက်ပြေးသွားကြတာ” လို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ထွက်ပြေးကြတဲ့ စစ်သားတွေဟာ စစ်မှုထမ်းတပ်သားသစ်တွေ အများစုဖြစ်တယ်လို့ စုံစမ်းသ်ိရပြီး ၅ ဦးလောက်လို့ မဟာမိတ်တပ်တွေက လက်နက်တွေနဲ့အတူ ဖမ်းမိထားတယ်လို့လည်း ဆက်ပြောပါတယ်။
“ စစ်တပ်က သူ့လူတွေ လိုက်ရှာနေတာနဲ့ လောလောဆယ်စစ်ကြောင်းမထိုးနိုင်သေးဘူး” လို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။
မေလ ၂၄ရက်က ငါ့သရောက်နယ်မြေ ဖလန်ကန်ကျေးရွာနားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း စစ်တပ်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ ဖလန်ကန်ရွာနားမှာထိခိုက်မှုများတယ်ကြားတယ်။ဖလန်ကန်ရွာက ဖောကား ၃စီးနဲ့ ဆေးရုံတွေသယ်သွားတယ်ကြားတယ်။ သူတို့က ဒရုန်းအားနဲ့ သုံးနေတာ။ သူတို့က အင်အား ၃၀၀ လောက်နဲ့ ထိုးနေတာ” လို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ပုပ္ပါးဒေသဘက်က စစ်တပ်ကလည်း စစ်ရေးလှုပ်ရှားမှု လုပ်နေတယ်လို့ ၎င်းကဆက်ပြောပါတယ်။
ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်တပ်က မကြာခဏစစ်ကြောင်းထိုးနေပြီး ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေပါတယ်။


















































