close
Connect with us

Hi, what are you looking for?

ဆောင်းပါး

မင်းကင်းက အတွင်းလှိုက်လောင်နေတဲ့မီး ဘယ်လိုငြှိမ်းမလဲ

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

(ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)မှတပ်ဖွဲ့ဝင်များနဲ့ ​ဒေသခံများ။ဓါတ်ပုံ-SRF)

ယောနသံ/People’s Spring

အာဏာသိမ်းပြီးတဲ့နောက် အရပ်သားပြည်သူ ထောင်သောင်းချီပြီးသတ်ဖြတ်ထားတဲ့ စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်နေကြပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်တပ်ကလည်း ပြိုလုပြိုခင်း အ​ခြေအ​နေက​နေ တရုတ်နဲ့ရုရှားအကူအညီ စစ်မှုမထမ်းမ​နေရ ဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ စစ်သားသစ်​တွေနဲ့ဗုန်းဗုန်းလဲကျမသွားအောင် ရသမျှနည်းနဲ့တုံ့ပြန်ပြီးအသက်ဆက် နေပါတယ်။

အခုလပိုင်းမှာ​တော့စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

ဒီအချိန်မှာ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ပွတ်တိုက်မှုတွေ၊ သဘောထားကွဲလွဲမှုတွေကို လူထုက မတွေ့မမြင်လိုဘဲ စစ်တပ် အရုပ်ကြိုးပြတ်လဲကျသွားတဲ့အထိ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ ဆန္ဒပြင်းပြနေကြပါတယ်။ဒါပေမယ့် တော်လှန်ရေးအင်အားစုအချင်းချင်းကြား ပွတ်တိုက်မှုအချို့ရှိနေဆဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ပြဿနာကတော့ စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်ထဲက NUG အစိုးရရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) လတ်တလောဖြစ်ပွားနေတဲ့ပြဿနာပါ။ နှစ်ဖက်တွေ့ဆုံညှိနှိုင်းပြီး ပြေလည်အောင်ဖြေရှင်းကြဖို့ ဒေသခံတွေကတိုက်တွန်းနေကြပါတယ်။

●NUGပအဖ၊ပကဖနဲ့SRFလက်ရှိနောက်ဆုံးအခြေအနေ

SRF ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို မေလ၂၆ ရက်နေ့မှာ မင်းကင်းမြို့နယ် ပအဖ၊ ပကဖက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ဒေသတွင်းမှာနှစ်ဘက်ဆက်ဆံရေးတင်းမာမှု ဆက်လက်ဖြစ်ပေါ်နေပြီး ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

၎င်းတို့ရဲ့ဥက္ကဋ္ဌကိုစံတင်ထွန်းရဲ့ အသက်အန္တရာယ်လုံခြုံမှုအတွက် အထူးစိုးရိမ်နေရတယ်လို့ SRFက ထုတ်ပြန်ထားပါတယ်။SRF တပ်စွဲထားတဲ့နေရာအချ်ို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ဒီနေ့နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေရှိနေတယ်လို့​ဒေသခံအချို့ကလူမှုကွန်ရက်မှာရေးသားထားကြပါတယ်။ ဒါပေမယ် အဲ့ဒီလိုတိုက်ခိုက်မှုဖြစ်စဉ် မကြားဘူးလို့ မင်းကင်းမြို့ခံအချို့ကပြောပါတယ်။

“ SRF ကို NUG တပ်တွေက ဝိုင်းထားပြီး ဒရုန်းနဲ့တိုက်နေတယ်လို့ ရေးတာတွေ မှားယွင်းပါတယ်။ NUG တပ်ကလည်း SRF ကို ဝိုင်းမထားပါဘူး။ ​​ေးစစ်ကြောင်း ရှိနေတဲ့အတွက် လိုအပ်တဲ့အစီအမံများ ဆောင်ရွက်နေကြခြင်းသာ ဖြစ်ပါတယ်” လို့ ​တော်လှန်​ရေးတပ်​တွေနဲ့ နီးစပ်သူတဦးကလူမှုကွန်ရက်မှာရှင်းပြထားပါတယ်။

●မဖြေရှင်းနိုင်ခဲ့တဲ့ ကာလရှည်တင်းမာမှု

ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းကင်းမြို့နယ်မှာ အခြေချတပ်စွဲလာတဲ့တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။SRFကို ဆရာစံလို့လူသိများတဲ့ကိုစံတင်ထွန်းက ဦးဆောင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက တပ်ရင်းတပ်ဖွဲ့တွေဖွဲ့စည်းတဲ့အခါ SRFက သီးခြားရပ်တည်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ သဘောထားကွဲလွဲမှုတွေရှိပေမယ့်ဒေသတွင်းမှာ တင်းမာမှုတွေမဖြစ်ပေါ်စေဖို့အတွက် SRFကို မင်းကင်းမြို့နယ် ထန်းပင်ချောင် တိုက်နယ်မှာ အခြေချဖို့ သဘောတူညီခဲ့ကြတယ်လို့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

နောက်ပိုင်းမှာSRFက တိုက်နယ်အတွင်း အုပ်ချုပ်ရေးယန္တရားဖော်ဆောင်လာတာတွေ၊ NUGအစိုးရက တာဝန်ပေးတဲ့ ပအဖအဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုအချို့ကပြောပါတယ်။ မင်းကင်းမြို့နယ် ပကဖကလည်း အဲဒီအတိုင်းထုတ်ပြန်ထားပါတယ်

“ သူတို့နယ်ကို NUGနဲ့ ပတ်သက်တဲ့သူတွေဘယ်သူမှမဖြတ်ရဘူးဆိုပြီးပစ်မိန့်ပေးထားလို့ အဲဒီရွာတွေကိုရှောင်ကွင်းပြီးသွားရတာမျိုးတွေရှိခဲ့ဖူးတယ်။ အခြေအနေတွေကမြေပြင်မှာတော်တော်လေး တင်းတင်းမာမာဖြစ်ခဲ့ကြတာ၂နှစ်မကတော့ဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

SRFကို မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အောက်မှာ ထားရှိဖို့ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် SRFက ငြင်းပယ်ပြီး ခရိုင်တပ်ရင်းတစ်ခုအနေနဲ့ရပ်တည်ဖို့ တောင်းဆိုခဲ့ဖူးတယ်လို့သိရပါတယ်။ အဲဒီလိုတောင်းဆိုမှုတွေကိုလည်း မြို့နယ်နဲ့ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုဆွေးနွေးခဲ့ခြင်းမရှိဘဲနဲ့ NUG အစိုးရရဲ့ ဝန်ကြီးတချို့ကိုတိုက်ရိုက်တောင်းဆိုခဲ့တာတွေရှိတယ်လို့ ဒေသတွင်းသတင်းမြစ်တွေကပြောပါတယ်။

၂၀၂၆ နှစ်စပိုင်းမှာ မင်းကင်းမြို့နယ်ထဲက အောင်ချမ်းသာရွာ နဲ့ ကျော်ရွာကစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းယူခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ရဲဘော်အချို့ နောက်တန်းကိုပြန်ချိန်မှာ SRFတပ်တွေက ဖမ်းဆီးသွားပြီး တစ်ဦးကိုသတ်ဖြတ်ပစ်ခဲ့တယ်လို့ ဒေသခံအချ်ို့ကပြောပါတယ်။

“ ကာကွယ်ရေးရဲဘော်ကလေး တစ်ယောက်က SRF တပ် အစည်းအဝေးလုပ်နေချိန်မှာ ချောင်းပြီး နားထောင်တယ်ဆိုပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာ။ အဲဒီ နောက်ပိုင်းမှာ တင်းမာမှုတွေပိုဆိုးလာတာ” လို့ ဒေသခံက ပြောပါတယ်။

တဖက်မှာ ၂၀၂၅ ခုနှစ် ဩဂုတ်လနဲ့ ၂၀၂၆ မေလအတွင်း SRF တပ်ဖွဲ့ဝင် ခြောက်ဦးကို မင်းကင်းမြို့နယ်ပကဖက ဖမ်းဆီးခဲ့တယ်လို့ SRFက ထုတ်ပြန်ခဲ့ဖူးပါတယ်။

●မင်းကင်းပကဖရဲ့ထုတ်ပြန်ချက်

မင်းကင်းမြို့နယ်မှာအခြေစိုက်ထားတဲ့ SRF တပ်ဖွဲ့ဟာစစ်အာဏာရှင်ကို လက်နက်ကိုင်ဆောင်တော်လှန် ရေးလုပ်ငန်းစဉ်တစ်ခု တည်း လုပ်ဆောင်ခြင်းမဟုတ်ဘဲလက်နက်ကိုင်တော်လှန်ရေးနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေး အစရှိသော ယန္တရားတွေကို ဝင်ရောက်စွက်ဖက်နေတယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၄ရက်နေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

SRFတပ်ဖွဲ့က NUGအစိုးရနဲ့စင်ပြိုင်အုပ်ချုပ်ရေးဖော်ဆောင်နေသလို ပအဖ၊ပကဖအဖွဲ့ဝင်တွေကို လက်နက်ကိုင်အင်အားသုံးဖမ်းဆီးသတ်ဖြတ်မှုတွေပြုလုပ်နေလို့ ပြစ်မှုကျူးလွန်ထားတဲ့ SRF တပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ လိုက်လံဖမ်းဆီး နေတယ်လို့မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က​ဖော်ပြထားပါတယ်။

NUG အစိုးရရဲ့ မြို့နယ်အဖွဲ့အစည်းတွေက မြို့နယ်အတွင်း တိုက်နယ် တွေသတ်မှတ်ပြီး တိုက်နယ်/ရပ်ကျေး ပအဖ၊ပကဖတွေ ဖွဲ့စည်းထားပေမယ့် SRF တပ်ကလည်း နယ်မြေ၁/၂/၃အစရှိသဖြင့် နယ်မြေသတ်မှတ်ပြီး အုပ်ချုပ်ရေး၊ ကာကွယ်ရေး အဖွဲ့တွေစင်ပြိုင်ဖွဲ့စည်းခဲ့တယ်လို့ဖော်ပြထားပါတယ်။

SRFဖွဲ့စည်းထားတဲ့ ပအဖ၊ပကဖတွေက NUG အစိုးရရဲ့ မြို့နယ်ပအဖ၊ပကဖတွေရဲ့ပညာရေး၊ကျန်းမာရေး၊တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို အမျိုးမျိုးဝင်ရောက်စွက်ဖက်နှောင့်ယှက်ခဲ့ပြီး အချို့သောပအဖ၊ ပကဖအဖွဲ့ဝင်တွေကို လက်နက်ကိုင်အင်အားသုံး ဖမ်းဆီးသတ်ဖြတ်မှုအပြင် NUGအစိုးရရဲ့ ပုံရိပ်ကျဆင်းအောင် ဒေသခံတွေကို စည်းရုံးလှုံ့ဆော်မှုတွေ ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

SRFတပ်ဖွဲ့ဟာ ဥပဒေမဲ့ ကျူးလွန်ထားတဲ့အမှုပေါင်း (၈)မှုရှိလို့ တရားစွဲဆိုထားတယ်လို့ မင်းကင်းမြို့နယ်ဘက်ပကဖ ရဲ့ထုတ်ချက်မှာ​ဖော်ပြထားပါတယ်။

SRFအဖွဲ့ထဲက ပြစ်မှုကျူးလွန်ထားသူတွေကို ဥပဒေအတိုင်း ဖြေရှင်းဖို့ ဆင့်ခေါ်ခဲ့ပေမယ့် ပူးပေါင်းဆောင်ရွက်ဖြေရှင်းဖို့ ငြင်းဆန်ခဲ့တဲ့အပြင် ဒေသတွင်းမှာစစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်နေတဲ့ စစ်ရေးဖော်ဆောင်မှုတွေကိုအခွင့်ကောင်းယူပြီးမြို့နယ်ပကဖ အဖွဲ့ဝင်အချို့ကိုဖမ်းဆီးမှုတွေဆက်တိုက်ပြုလုပ်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ ပြစ်မှုကျူးလွန်ထားတဲ့ SRF တပ်ဖွဲ့ဝင်တရားခံတွေကို လိုက်လံဖမ်းဆီး နေပြီး NUG အစိုးရရဲ့ အဖွဲ့အစည်းတွေက တရားဥပဒေအတိုင်း ဆောင်ရွက်နေချိန် ဖြစ်တယ်လို့အသိပေးထားပါတယ်။ ဒေသခံပြည်သူလူထုအနေနဲ့ SRF အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း (လုံးဝ)မပြုလုပ်ကြဖို့၊ SRFအဖွဲ့ရှိတဲ့နေရာတွေမှာ နေထိုင်ခြင်းမပြုကြဖို့နဲ့ ဥပဒေကြောင်းအရ ပြစ်မှုကျူးလွန်သူ တွေကိုသာ ပြစ်မှတ်ထားဖမ်းဆီးထိန်းသိမ်းမှာဖြစ်လို့ ဒေသခံပြည်သူတွေ အထိတ်တလန့်မဖြစ်ဖို့ ထုတ်ပြန်ကြေညာထားပါတယ်။

●SRF ရဲ့ထုတ်ပြန်ချက်

SRFကလည်း၎င်းတို့ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို မေလ၂၆ ရက်နေ့မှာ လူချင်းတွေ့ဆုံမယ်ဆိုပြီး လုံခြုံရေးအာမခံချက်နဲ့ ချိန်းဆိုပြီးနောက် လမ်းခရီးမှာ ဖြတ်တောက် တိုက်ခိုက် ဖမ်းဆီးခြင်းခံခဲ့ရလို့ အသက်အန္တရာယ်လုံခြုံမှုအတွက် အထူးစိုးရိမ်နေရတယ်လို့ထုတ်ပြန်ထားပါတယ်။

မေ ၂၆ ရက်၊နေ့လည် ၂ နာရီအချိန်မှာ ကိုစံတင်ထွန်း၊ စစ်ကိုင်းယူနစ်ကြားကာလအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး၊မင်းကင်းမြို့နယ် ပကဖ စစ်ရေးတာဝန်ခံတို့က Zoom ကနေ တဆင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးနောက် တိုင်းတာဝန်ခံဒူဂျွန်နဲ့ဒူဝါတို့ရဲ့ လုံခြုံရေးအာမခံချက်နဲ့အတူ အညာလည်ရွာမှာ လူချင်းတွေ့ဆုံရန် ချိန်းဆိုခဲ့ပေမယ့် မင်းကင်းမြို့နယ် ပအဖ၊ ပကဖနဲ့ တပ်ရင်းတပ်ဖွဲ့တွေက လမ်းတ၀က်ကနေ ဖြတ်တောက်တိုက်ခိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဖော်ပြထားပါတယ်။ဖမ်းဆီးစဉ်အတွင်း ဒေသခံတွေက ဝိုင်းဝန်းကာကွယ်ခဲ့ကြချိန် ပစ်ခတ်ခံရပြီး အမျိုးသားတဦးနှင့် အမျိုးသမီးတဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးအာမခံချက်ပေးပြီး သဘောတူညီခဲ့တဲ့အတိုင်းသွားရောက်ခဲ့‌ ပေမယ့်လက်နက်သုံးပစ်ခတ်ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်ကို အပြင်း အထန် ရှုတ်ချပြီး ဥက္ကဋ္ဌ ကိုစံတင်ထွန်းကိုလည်း ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ အင်အားသုံးဖြေရှင်းမှု‌တွေကိုဆန့်ကျင်ကြောင်း SRFက ထုတ်ပြန်တောင်းဆို ထားပါတယ်။

မေလ ၂၇ရက်မှာတော့ SRF တပ်ရင်းမှူးအပါအဝင် ဖမ်းဆီးခံထားရသူတွေကိုပြန်လွှတ်ဖို့ ဒေသခံအချို့ကဆန္ဒပြနေကြပါတယ်။SRF ဥက္ကဌစံတင်ထွန်းကို ဖမ်းဆီးပြီးနောက်ပိုင်း SRF တပ်ရင်းမှူးတစ်ဦးကို လာ ရောက်ဖမ်းဆီးစဉ်မမိတဲ့အတွက် အမျိုးသမီးဖြစ်သူကို ဖမ်းခေါ်သွားတယ်လို့ SRF ပြောခွင့်ရ မသူသူက သတင်းမီဒီယာ အချို့ကို ဖြေကြားထားပါတယ်။

ဖမ်းဆီးထားသူတွေကိုပြန်လွတ်ပေးဖို့ မသူသူကတောင်းဆိုထားပြီး ဆွေးနွေးညိုနှိုင်းမှူးနဲ့ပဲဖြေရှင်းသွားမယ်လို့ ၎င်းက ပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG )ကတာဝန်ရှိသူက မင်းကင်းမြို့နယ်မှာ SRF နဲ့ ပသုံးလုံးယန္တရား​တွေ စစ်​ရေးအရပွတ်တိုက်မှုမရှိခဲ့ပဲ ၊အုပ်ချုပ်​ရေးပိုင်းတွင်ပွတ်တိုက်မှုများရှိခဲ့​ကြောင်း၊ သို့​သော် ဒီလပိုင်းမှာပကဖအချို့ကို ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ပြန်​ပေးဆွဲခံရတာ အပါအဝင် SRF တပ်ဖွဲ့ဝင်အချို့ကပြစ်မှု​တွေကျူးလွန်ခဲ့ပြီးကျူးလွန်ခဲ့​တယ်ဆိုတာအ​ထောက်အထား​တွေလည်းရှိတယ်လို့​ပြောပါတယ်။ဒါ​ကြောင့် ပြစ်မှုကျူးလွန်သူ​တွေကို အ​ရေးယူနိုင်ဖို့ ပသုံးလုံးနဲ့ ခရိုင်စစ်ဘက်မှ စစ်ဖက်အရပ်ဖက်ပူး​ပေါင်း​ဆောင်ရွက်တာလို့ သူက​ပြောပါတယ်။

“ မှန်ပါတယ်။ ဆယ်ယောက်ကျော်ဖမ်းဆီးထားတယ်။ ထပ်ပြီးတော့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ တိုင်ကြားထားတာ ပေါ်ပေါက်ထားတဲ့သူတချို့ကိုလည်း ထပ်ပြီး‌ တော့ဖမ်းဆီးဖို့ရှိတယ်။အဲဒီတော့ ဖမ်းဆီးတဲ့ သူ တွေ ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် ကျန်တဲ့သူတွေလည်း တော်လှန်ရေးမှာ စနစ်တကျနဲ့ တကယ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ တော်လှန်ရေးမှာဆက်ပြီးတော့ ပြည်သူလူထုလည်း လိုလားထောက်ခံတဲ့ တော်လှန်ရေးသမားပီသစွာနဲ့ ဆက်ပြီးတော့ တော်လှန်ရေးမှာပါဝင်နိုင်မယ့် အခြေအနေမျိုး ဆက်သွားလို့ရပါတယ်” လို့ NUG ကတာဝန်ရှိသူတဦးက​ပြောပါတယ်။

●နှစ်ဖက်​နောက်ဆက်တွဲ ထုတ်ပြန်ချက်များ

ပြစ်မှုကျူးလွန်ထားတဲ့ (SRF) တပ်ဖွဲ့အဓိကတာဝန်ရှိသူကို ဖမ်းမိထားပြီး ကျန်ရှိနေသေးတဲ့ ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖမ်းဆီးမှာဖြစ်သလို SRFတပ်ဖွဲ့မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေအနေနဲ့ NUGအစိုးရ ယန္တရားအောက်မှာ ပူးပေါင်းဆောင်ရွက် ကြဖို့ မင်းကင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(မင်းကင်းပအဖ)ကမေလ ၂၇ရက်ညနေမှာ နောက်ဆက်တွဲထပ်မံထုတ်ပြန်လာပါတယ်။

မင်းကင်းမြို့နယ်မှာအခြေစိုက်ထားတဲ့ SRF တပ်ဖွဲ့ရဲ့ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို မေလ၂၆ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီးနောက်မေလ ၂၇ရက်ညနေမှာ နောက်ဆက်တွဲသတင်းထုတ်ပြန်အသိပေးလာတာဖြစ်ပါတယ်။

ဖမ်းမိထားသူကို တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ကျန်ရှိနေသည့် တိုင်ကြာ ခံထားရတဲ့ ပြစ်မှုကျူးလွန်သူတွေကိုလည်း ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။အ ခုလို ဖမ်းဆီးထိန်းသိမ်းခြင်းမှာလည်း (SRF)တပ်ဖွဲ့အား ဖြိုခွဲခြင်းမဟုတ်ဘဲ ပြစ်မှုကျူးလွန်ထားတဲ့တရားခံတွေကိုသာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ​ဆိုပါတယ်။

SRFဟာ ၎င်းတို့အခြေစိုက်ရာ နယ်မြေဒေသတွေမှာ ပြည်သူတွေကို ဥပဒေမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း ရပ်ကျေး(ပအဖ/ပကဖ)များအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ၎င်းတို့၏ကိုယ်ပိုင်တရားစီရင်ရေးများနဲ့ စီရင်ပြီး ပြစ်ဒဏ်ချမှတ်ခြင်း၊ အသက်(၁၈)နှစ် မပြည့်သေးတဲ့ ပြည်သူ တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း၊ လက်နက်ကိုင်ပြီး ပြည်သူ တွေကို ညှင်းပန်းနှိပ်စက်ခြင်း စတဲ့ တရားဥပဒေမဲ့လုပ်ဆောင်နေမှုတွေ ရှိနေကြောင်း နစ်နာသူပြည်သူတစ်ဦးချင်းစီက တရားစွဲဆိုတိုင်ကြားလာမှုပေါင်း (၈)ခုကျော်အထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ကလေးခရိုင်ကွပ်ကဲရေးအဖွဲ့နဲ့ မင်းကင်းမြို့နယ်အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပြီး ဒေသတွင်းတရားဥပဒေစိုးမိုးရေးနဲ့ ကျူးလွန်သူတွေကိုအရေးယူနိုင်ရေးအတွက် ဆောင်ရွက်ခဲ့တာလို့ ​ဖော်ပြထားပါတယ်။။

ပြစ်မှုကျူးလွန်ထားသူ တွေကိုဥပဒေအတိုင်း လာရောက်ဖြေရှင်းဖို့ အကြိမ်ကြိမ် အကြောင်းကြား ခဲ့ပေမယ် လာရောက်ဖြေရှင်းခြင်း မရှိခဲ့တာကြောင့် မေလ၂၅ရက်နေ့မှာဖမ်းဆီးဖို့ဆောင်ရွက်စဉ် SRFအဖွဲ့ဝင်တွေက ဒေသခံပြည်သူတွေကို လူသားဒိုင်းသဖွယ် ခေါ်ယူဝန်းရံထားခဲ့ခြင်းကြောင့် ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ကြောင်း၊ မေလ၂၆ရက်နေ့မှာလည်း SRFအဖွဲဝင်တွေအနီးက ပြည်သူတွေကို လူစုခွဲပေးဖို့တောင်းဆိုခဲ့ပေမယ့် မရလို့ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

“(SRF) အဖွဲ့အား ဖြိုခွင်းဖျက်ဆီးရန် မဟုတ်ကြောင်း၊ ပြစ်မှု ကျူးလွန်သူများကိုသာ ဖမ်းဆီးပြီး ဥပဒေအတိုင်း အရေးယူမည် ဖြစ်သောကြောင့် လူစုခွဲပေးရန်” ဟောပြော တောင်းဆိုခဲ့ပါသည်။ (SRF)အဖွဲ့များအားလည်း ပြစ်မှုကျူးလွန်သူများအား ညနေ(၅းဝဝ)နာရီ အချိန် နောက်ဆုံးထား အပ်နှံပေးရန် အကြောင်းကြားခဲ့သော်လည်း ၎င်းအဖွဲ့မှ အပ်နှံပေးခြင်း မရှိခဲ့သည့်အတွက် သွားရောက်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ ၎င်းကဲ့သို့ ဖမ်းဆီးထိန်းသိမ်းရာတွင် ပြည်သူအချို့မှ တားဆီးနှောင့်ယှက်ခြင်းကြောင်း သေနတ်များ မိုးပေါ်သို့ချိန်ရွယ်ပစ်ဖောက်ကာ အခြေအနေအား ထိန်းသိမ်းခဲ့ရပြီး မည်သည့်ပြည်သူ တစ်ဦးတစ်ယောက်ကိုမျှ ချိန်ရွယ်၍ သေနတ်ပစ်ဖောက်ခဲ့ခြင်း မရှိခဲ့ပါ” လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

SRF ကလည်း၎င်းတို့ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို မေလ၂၆ ရက်နေ့မှာ လူချင်းတွေ့ဆုံမယ်ဆိုပြီး လုံခြုံရေးအာမခံချက်နဲ့ ချိန်းဆိုပြီးနောက် လမ်းခရီးမှာ ဖြတ်တောက် တိုက်ခိုက် ဖမ်းဆီးခြင်းခံခဲ့ရလို့ အသက်အန္တရာယ်လုံခြုံမှုအတွက် အထူးစိုးရိမ်နေရတယ်လို့ ထပ်မံထုတ်ပြန်ပါတယ်။

မင်းကင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပြီး သုံးနာရီခန့် အကြာမှာ SRFက ကြေညာချက်တစ်စောင်ထုတ်ပြန်လာတာပါ။

မေလ (၂၆)ရက်နေ့မှာ SRF စစ်ရေးနယ်မြေ ဒေသ(၄)က ပွိုင့်ကုန်းကို မင်းကင်းမြို့နယ် ပကဖ မှ အင်အားသုံး ပစ်ခတ်စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း၊ ရဲဘော်ကိုးဦးကို ဖမ်းဆီးသွားခဲ့ပြီး လက်နက်ခဲယမ်း တွေကိုလည်း သိမ်းဆည်းယူဆောင်သွားတယ်လို့ ​ဖော်ပြထားပါတယ်။ ဒေသ(၄)မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ကျန်ရဲဘော် တွေလည်း တိမ်းရှောင်နေရပြီး အဲဒီရဲဘော်တွေရဲ့မိသားစုဝင်တွေကိုဖမ်းဆီးဖို့ ခြိမ်းခြောက်ခံနေရတဲ့အတွက်မိသားစုဝင်တွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့​ဖော်ပြထားပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ရဲဘော် တွေကိုလည်း ဝေဟင်မှ ဒရုန်းများအသုံးပြု၍ လိုက်ရှာခြင်း ၊‌ မြေပြင်မှ နယ်မြေနင်းရှာဖွေမှုများဖြင့် ရန်သူသဖွယ်လုပ်ဆောင်နေသလို ဒေသတွင်းဆက်သွယ်ရေးကိုလည်းဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်ထားသူဟု ဆိုထားသူများကိုသာ ဖမ်းဆီးမယ်လို့ ထုတ်ပြန်ထားပေမယ့်လက်ရှိအခြေအနေမှာ ရန်သူသဖွယ်သဘောထား၍ ပစ်ခတ်ဖမ်းဆီးချေမှုန်းလာခြင်းတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဥက္ကဋ္ဌ အပါအဝင်ဖမ်းဆီးခံရသူ ၁၆ ဦးအထိ ရှိနေပြီလို့ လည်း​ဖော်ထားပါတယ်။

ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အနေဖြင့် အမှန်တကယ်ညီညွတ်ရေးကို ရှေးရှုပါက မိတ်ဖက် ပဋိပက္ခကို စားပွဲဝိုင်းတွင်သာ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း ဖြေရှင်းပေးပါရန် တောင်းဆိုထားပြီး SRF အနေဖြင့် NUG ၏ ကြားဝင်ဖြေရှင်းပေးမှုကို လိုလားလက်ခံပြီး သမာသမတ် ကျတဲ့ နည်းဥပဒေအတိုင်း စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် အသင့်ရှိတယ်လို့ လည်း​ဖော်ပြထားပါတယ်။

●ဒေသခံပြည်သူ နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ဆန္ဒ

NUG အစိုးရဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ် ပေါက်လာတဲ့ ဒေသအသီးသီးကတော်လှန်ရေးတပ်ဖွဲ့တွေကိုစုစည်းနေပြီးကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ကွပ်ကဲမှုခံယူဖို့ညှိနိုုင်းနေပါတယ်။ အဖွဲ့အစည်းအချို့ကိုတော့ စစ်ရေးအရ ဖိအားပေးအရေးယူတာတွေရှိနေပါတယ်။ ၂၀၂၆ နှစ်စပိုင်းမှာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့ကို စစ်ရေးအရအရေးယူခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဗိုလ်နဂါးကတော့စစ်တပ်ထံထွက်ပြေးသွားပြီး စစ်တပ်နဲ့ပူး​ပေါင်းသွားပါတယ်။

တမူးမြို့နယ်မှာဆိုရင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ဟာ MOD အမှတ်(၁) စစ်ဒေသရဲ့ကွပ်ကဲမှုခံယူခဲ့ပြီး တမူးခရိုင်ထဲတပ်ရင်း(၆)အဖြစ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ မန္တလေးတိုင်းမတ္တရာရာမြို့နယ်က အင်အားကြီးတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အထူးလှုပ်ရှားတပ်မရဲ့ ကွပ်ကဲမှုခံယူခဲ့ပါတယ်။

NUG အစိုးရရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) အနေနဲ့လည်း မင်းကင်းဒေသတွင်းမှာ ကာလရှည်ဖြစ်ပွားနေတဲ့ဆက်ဆံရေးတင်းမာမူကိုလျှော့ချပြီး အဖြေပေါ်အောင် ဆွေးနွေးညှိနှိုင်းဖြေရှင်းကြဖို့ ဒေသခံတွေကတောင်းဆိုပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာပါဝင်နေတဲ့ တော်လှန်ရေးအင်အားစုအချို့ကလည်း မင်းကင်းဒေသမှာလက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကို ပြေလည်အောင်ညှိနှိုင်းကြဖို့တောင်းဆိုထားပြီး ပစ်ခတ်မှုဖြစ်ခဲ့တဲ့အပေါ် ပြစ်တင် ဝေဖန်ထားကြပါတယ်။

SRF အနေနဲ့ စစ်ပြိုင်အုပ်ချုပ်ရေး ယန္တရားဖော်ဆောင်ခြင်းမလုပ်ဘဲ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာပူးပေါင်းပါဝင်ဖို့မေတ္တာရပ်ခံလိုကြောင်း မင်းကင်းမြို့ခံတစ်ဦးကပြောပါတယ်။

“ တော်လှန်ရေးဘက်တော်သားအချင်းချင်းအားပြိုင်နေတာကို ပြေလည်အောင်ဖြေရှင်းပြီး စစ်တပ်ကိုပဲတိုက်ခိုက်ဖို့ ပြောချင်တယ်။ အတွင်းထဲမှာ လှိုက်ပြီးလောင်နေတဲ့ဖရောင်းတိုင်လို ဖြစ်နေလို့မရဘူး။ ဒီမီးကိုငြှိမ်းရမယ်” ။ ။

ဆက်စပ်သတင်းများ

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင် ကျိုက်ဒုံမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ဦးသေဆုံးကာ မိန်းကလေးငယ် ၁ဦး အပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က ရေးဘီလူးတပ်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၁၀ ဦးထက်မနည်းထိခိုက် သေဆုံးတယ်လို့ သိရပါတယ်။