မတ်-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုး ဝင်လာတဲ့ စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့တဲ့ ပြည်သူ ၁၅၀ ဦးခန့်အား ကယ်ထုတ်နိုင်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင်တပ်ရင်း(၂)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
စစ်တပ် မတရားဖမ်းထားတဲ့ ပြည်သူတွေကို ပဲခူးခရိုင် အမှတ်(၂) တပ်ရင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က မတ်လ ၈ရက်မှာ ကယ်ထုတ်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်တပ် မတရားဖမ်းထားတဲ့ ပြည်သူတွေကို ဘယ်လိုကယ်ထုတ်ခဲ့တယ်ဆိုတဲ့ အခြေအနေတွေထပ်မံ သိရဖို့ ပဲခူးခရိုင် တပ်ရင်း(၂)ကို ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

Public Service Announcement
စစ်တပ်ဟာ မတ်လ ၅ရက်မနက်မှာ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်း၊ ခရုကုန်း နဲ့ ကျောင်းကုန်း ကျေးရွာတွေကို အင်အားအများအပြားနဲ့ ဝင်ရောက်ခဲ့တာပါ။ စစ်တပ်ရဲ့ တပ်မ (၇၇) ဦးဆောင်တဲ့ အင်အား ၁၀၀ ပါ စစ်ကြောင်း ၄ကြောင်း ဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ပဲခူးတိုင်း စစ်ဌာနက ထုတ်ပြန်ပါတယ်။ ကျေးရွာများအတွင်းရှိ ပြည်သူ (၃၀၀) ကျော်ကို အကြမ်းဖက်စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ပြီး ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဖော်ပြကာ စစ်တပ် လက်ချက်ကြောင့် သေဆုံးပြည်သူ ၄၀ ကျော်ရှိရာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုကျူးလွန်လာကြောင်း ဖော်ပြထားပါတယ်။ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှု၊ လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၃၀ဦး သေဆုံးခဲ့ဟု အသိပေးထားပါတယ်။
သေဆုံးစာရင်းကို ဆက်လက်အတည်ပြုနေပြီး နောက်ဆက်တွဲ ထုတ်ပြန်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

















































