မတ်-၆၊ ၂၀၂၆။ ဟန်နွေ/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒဏ်ရာရ စစ်ကောင်စီတပ်ရင်းမှူးလာကယ်တဲ့ ရဟတ်ယာဉ် ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ မတ်လ ၆ရက် နေ့လည်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ ထိမှန်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
“ပုဇင်း MI17 ရဟတ်ယာဉ်က ဗန်းမော်မှာ ဒဏ်ရာရတဲ့ တပ်ရင်းမှူးကို လာကယ်ထုတ်တာ။ အဲဒါ အတက်မှာ ကျနော်တို့ပစ်လိုက်တဲ့ လက်နက်ကြီးက ထိသွားတာ။ ထိသွားတော့ ဆီတိုင်ကီပွင့်သွားတာ။ ဗန်းမော်ကနေ ပြန်တက်တာနဲ့ ဆီတိုင်ကီက ဆီတွေဒီအတိုင်း ပန်းထွက်။ မီးခိုးတွေနဲ့။ ရွှေကူမှာ အရေးပေါ် ဆင်းသက်တာ” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ထိမှန်သွားတဲ့ ရဟတ်ယာဉ်ဟာ ရွှေကူမြို့အခြေစိုက် ခလရ(၅၆) တပ်ရင်းကို ဆင်းဖို့ ကြိုးပမ်းပေမယ့် မရောက်ခင် မြို့အပြင်မှာ အရေးပေါ် ဆင်းလိုက်ရတယ်လို့ ပြောပြပါတယ်။

Public Service Announcement
“အခုက ကောင်းကင်မှာ Y12နဲ့ ကာဗာလုပ်ပေးနေတာ ရွှေကူမှာ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဗန်းမော်မြို့တိုက်ပွဲနဲ့ ရဟတ်ယာဉ် ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
KIA ပူးပေါင်းတပ်ဟာ ၂၀၂၅ မေလ ဗန်းမော်တိုက်ပွဲမှာလည်း စစ်ကူလာပို့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ် ၃စီးကို KIA ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ ၂စီးထိမှန်ခဲ့ပါတယ်။
အဲဒီ ရဟတ်ယာဉ် ၂စီးအနက် ၁စီးဟာ ပျက်ကျခဲ့ပြီး အခြား ၁စီးကတော့ ရွှေကူ ခလရ(၅၆) တပ်ရင်းမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
အဲဒီလို အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ကို KIAက ထပ်မံ တိုက်ခိုက်ခဲ့လို့ ရဟတ်ယာဉ်ပျက်စီးခဲ့ပါတယ်။
KIA အနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို အကြိမ်ကြိမ်ပစ်ချခဲ့ပါတယ်။ ၂၀၂၄ ဇန်နဝါရီ လမှာ ရှမ်းမြောက် နမ့်ဖက်ကာ တိုက်ပွဲမှာ စစ်ကောင်စီ တိုက်လေယာဉ်တစီး၊ ဝိုင်းမော်မြို့နယ် မှာ စစ်ကောင်စီ ရဟတ်ယာဉ် ၁စီး၊ ၂၀၂၁ မေလ မိုးမောက် တိုက်ပွဲမှာ စစ်ကောင်စီရဟတ်ယာဉ် ၁စီး ပစ်ချနိုင်ခဲ့ပါတယ်။ အခြားဒေသ တိုက်ပွဲတွေမှာလည်း KIA အနေနဲ့ လေယာဉ် ရဟတ်ယာဉ်တွေကို ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါသေးတယ်။
















































