မတ်-၆၊ ၂၀၂၆ ဇေအောင်/People’s Spring
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက O-1 ဆေးရုံမှာ လူနာတွေကို အောက်ဆီဂျင်ပေးဖို့ မီးစက်အတွက် ဒီဇယ်အရေးပေါ်လိုအပ်နေကြောင်း O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက အသိပေးပါတယ်။
O-1 ဆေးရုံမှာ လက်တလော ၂၄ နာရီ အောက်ဆီဂျင်ရှုနေရတဲ့လူနာများရှိနေပြီး ရင်ဘတ်ထဲ ပိုက်ထည့်ထားရကာ oxygen လိုလာနိုင်တဲ့ လူနာတွေလည်း ရှိနေကြောင်း၊ လက်ရှိမှာ အောက်ဆီဂျင်အိုးတွေ မရတဲ့အတွက် မနက်ကနေညထိ မီးစက်နှိုးပြီး အောက်ဆီဂျင်စက်တွေကို သုံးကာ လူနာတွေကို ကုသပေးနေရကြောင်း O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက အသိပေးပါတယ်။
“ လက်ရှိကျန်တဲ့ မီးစက်ဆီအရ သဘက်ခါညနေ အထိပဲ အသုံးခံတော့မှာပါ။” လို့ O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက ရေးသားပါတယ်။

Public Service Announcement
ဒေါက်တာဟာ မနေ့ညက ရေးသားခဲ့တာဖြစ်တဲ့အတွက် မနက်ဖြန် မတ်လ ၇ ရက် ညနေအထိပဲ အသုံးခံတော့မယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ ဆီဆိုင်များအနေနဲ့ မမိတို့လက်ထဲမှာ ဒီဇယ်ဆီလှောင်ထားတာ ရှိနေရင် ထုတ်ရောင်းပေးဖို့ O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက မေတ္တာရပ်ခံထားပါတယ်။
“ စီးပွါးရေးလည်း စီးပွါးရေးမှန်ပေမယ့် လူ့အသက်နဲ့ ဆိုင်နေတဲ့အတွက် ဒီဇယ်တွေ ရှိနေရင် ထုတ်ရောင်းပေးဖို့ O-1 ဆေးရုံဘက်က တောင်းဆိုပါရစေရှင်” လို့ ဆေးရုံတာဝန်ခံက အသိပေးပါတယ်။
ဆေးရုံတာဝန်ခံကို ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
O-1 ဆေးရုံဟာ ၂၀၂၁ မေလအစကတည်းကဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ မြေပြင်က သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေ ပူးပေါင်းပြီး ဒေသခံ ကျန်းမာရေး CDM ဝန်ထမ်းတွေရဲ့အကူအညီနဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆို(အနောက်ခြမ်း) တစ်နေရာမှာ ဆေးပေးခန်းအနေနဲ့ O-1 Medical Team ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။
ဆေးပေးခန်းအဆင့်မှသည် ပြည်သူတွေ ၊ရဲဘော်တွေအတွက် အဓိကခွဲစိတ်ကုသမှု ( major surgery cases)တွေ အပြင် Medical case တွေ , Child case and OG case တွေပါ ကုသမှုပေးနေနိုင်တဲ့ ဆေးရုံအဖြစ် ဆက်လက်ကြိုးစားရပ်တည်လျက်ရှိပါတယ်။
















































