ဖေဖော်ဝါရီ ၂၇၊၂၀၂၆။ဇေအောင်/People’s Spring
ပခုက္ကူ တပ်မ (၁၀၁)က ရိက္ခာတင်ကားအစီး ၁၀၀နီးပါးဟာ ပေါက်မြို့နယ် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)ကို ထွက်ခွာဖို့ ပြင်ဆင်နေကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့တာဝန်ရှိသူက ပြောပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁) ကနေ ပေါက်မြို့နယ်က အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)ကို သွားမယ့် စစ်ကောင်စီရဲ့ ရိက္ခာတင်ယာဉ်တန်းဟာ လက်ရှိမှာ ရိက္ခာတင်ထားတဲ့ ကားအစီးရေ (၇၀) လောက်ဟာ အသင့်ဖြစ်နေကြောင်း၊ နောက်ထပ်လည်း ကားတွေထပ်တင်ဖို့ ရှိနေတာကြောင့် စုစုပေါင်း ကားအစီးရေ (.၁၀၀) နီးပါးလောက်အထိ ရှိလာနိုင်တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့တာဝန်ရှိသူဆရာထွေးက ပြောပါတယ်။
“ မြေပြင်စစ်ကြောင်းနဲ့ အတူ လေကြောင်းတိုက်ခိုက်မှုတွေ အဓိကထားပြုလုပ်မယ်လို့ သိရတဲ့အတွက် လေကြောင်းအထူးသတိထားနေကြဖို့ တိုက်တွန်းပါတယ်။” လို့ ဆရာထွေးက ဆိုပါတယ်။

Public Service Announcement
အဲဒီယာဉ်တန်းဟာ ကပစ (၂၄)ကို ဘယ်လမ်းကြောင်းကနေသွားမယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ ပုသိမ်-မုံရွာ လမ်းပိုင်းအတိုင်း သွားနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။
ကပစ (၂၄)က စျေးလာဝယ်တဲ့ တပ်မိသားစုဝင်တွေကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကတည်းက ရဟတ်ယာဉ်နဲ့ ကြိုတင်ခေါ်ဆောင်သွားခဲ့ပြီးပြီလို့ သိရပါတယ်။
အလားတူ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာက စစ်ကောင်စီတပ်စစ်ကြောင်းဟာလည်း ဒီကနေ့မနက်စော ၂ နာရီခန့်ကနေစပြီး မြောက်အရပ်သို့ ထွက်ခွာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့ကြောင့် ပြည်သူတွေ ကြိုတင်သတိထားနိုင်ဖို့နဲ့ လိုအပ်သလို ပြင်ဆင်ထားနိုင်ဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က တိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်ဟာ ရိက္ခာယာဥ်တန်းဖြတ်သန်းတိုင်း ပခုက္ကူခရိုင်အတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ၊ ရွာတွေမီးရှို့ပြီး ပြည်သူတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်လေ့ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
















































