မင်နီဆိုးတား ပြည်နယ်ထဲမှာ ဖက်ဒရယ် အစိုးရ အေးဂျင့်တွေ ပစ်သတ်လို့ ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း မြင့်တက်နေတဲ့ တင်းမာမှုတွေကို ပြေလျော့စေဖို့ သူ့ရဲ့ အစိုးရက လုပ်ဆောင်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မင်နီယာပိုးလစ်မြို့မှာ အမေရိကန် ဖက်ဒရယ် အစိုးရ အေးဂျင့်တွေ ဖြန့်ကျက်ပြီး ရွှေ့ပြောင်း အခြေချသူတွေကို ရှာဖွေ ဖြိုခွင်းနေတဲ့ မစ်ရှင်ကို ဒေသခံတွေက ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။ အဲဒီအတောအတွင်း ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသား သူနာပြု အဲလက်စ် ပရက်တီနဲ့ အေးဂျင့်တွေကြား လုံးလားထွေးလား ဖြစ်ခဲ့ပြီး ပရက်တီမှာ သေနတ်ပါလာလို့ဆိုပြီး ပစ်သတ်ခဲ့ကြပါတယ်။
လဆန်းပိုင်းတုန်းကလည်း မင်နီယာပိုးလစ်မြို့မှာ ရီနီဂွတ်ဒ်ဆိုတဲ့ အမျိုးသမီးက သူတို့ကို ကားနဲ့တိုက်ဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲပြီး ဖက်ဒရယ် အေးဂျင့်တွေက အသေပစ်သတ်ခဲ့ပါတယ်။
ပရက်တီ သေဆုံးမှုအပြီး အစောပိုင်းမှာ အိမ်ဖြူတော်က အဲဒီ အမျိုးသားဟာ အေးဂျင့်တွေကို ရန်လို တိုက်ခိုက်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုအဖြစ် တုံ့ပြန်ခဲ့တာလို့ ဖြေရှင်းခဲ့ပေမယ့် ထွက်ပေါ်လာတဲ့ ဗီဒီယို မှတ်တမ်းတွေကတော့ အဲဒီ အဆိုနဲ့ သိသိသာသာ ကွဲလွဲနေတာကို တွေ့ခဲ့ရပါတယ်။

Public Service Announcement
ဒီကိစ္စကြောင့် မြို့ထဲမှာ ဖက်ဒရယ်အေးဂျင့်တွေ လာရောက်ခြယ်လှယ်ပြီး စည်းလွတ်ဝါးလွတ် လုပ်ဆောင်နေတာတွေကို မင်နီယာပိုးလစ် ဒေသခံတွေက ဒေါသထွက်နေကြသလို လူနှစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေမှာ မှန်မှန်ကန်ကန် ထိထိရောက်ရောက် စုံစမ်းပေးဖို့ ထရမ့်ရဲ့ ဖက်ဒရယ် အစိုးရအပေါ် ဖိအားပေး တောင်းဆိုမှုတွေလည်း မြင့်တက်လာပါတယ်။
အခြေအနေတွေ တင်းမာလာတဲ့နောက် အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန (DHS)ဟာ မင်နီဆိုးတား ပြည်နယ်ထဲမှာ လုပ်ဆောင်နေတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ဌာနခွဲ (ICE)ရဲ့ မစ်ရှင်တွေကို ဦးဆောင်နေသူ နယ်စပ် လုံခြုံရေး အရာရှိ ဂရီရိုရီ ဘိုဗီနိုကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။ အဲဒီနောက် အိမ်ဖြူတော်ဟာ အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒ အရာရှိ တွမ်ဟိုမန်းကို ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းစေဖို့အတွက် မင်နီဆိုးတားဆီ ပို့ဆောင်ခဲ့ပါတယ်။
ထရမ့်က ပရက်တီ သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ အင်မတန် ကံမကောင်းခဲ့တဲ့ ကိစ္စတစ်ခုလို့ သတင်းထောက်တွေကို မှတ်ချက် ပေးခဲ့ပါတယ်။ ဖက်ဒရယ် အေးဂျင့်တွေက ပရက်တီကို ပြည်တွင်း အကြမ်းဖက်သမားဆိုတဲ့ သဘောမျိုး စွပ်စွဲနေကြတဲ့ ကိစ္စကို သတင်းထောက်တွေက မေးမြန်းတဲ့အခါ ထရမ့်က သူဒီလိုတော့ မကြားမိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ပရက်တီဟာ လိုင်စင်နဲ့ ကိုင်ဆောင်ထားတာ ဖြစ်တဲ့တိုင်အောင် ဆန္ဒပြပွဲဆီ သေနတ်ယူမလာသင့်ကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။
အစောပိုင်းမှာ DHS ဝန်ကြီး ခရစ္စတီ နိုအမ်က ပရက်တီဟာ အေးဂျင့်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ သေနတ်ကို ထုတ်ယူဖို့ ကြိုးစားလို့ အပစ်ခံခဲ့ရတာလို့ စွပ်စွဲထားပါတယ်။ သူက အဲဒီ အမျိုးသားဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြဖို့ အဲဒီနေရာဆီ ရောက်နေခဲ့တာ မဟုတ်ဘဲ ရန်လို အကြမ်းဖက်ဖို့ ကြိုတင် ကြံစည်ထားခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
ဇန်နဝါရီ ၂၇ ရက်မှာတော့ Foxနဲ့ အင်တာဗျူးမှာ ထရမ့်က သူ့အစိုးရ အနေနဲ့ ရှိရင်းစွဲ တင်းမာမှုတွေကို လျှော့ချဖို့ လုပ်ဆောင်နေတယ်လို့ အတည်ပြုသွားပါတယ်။ အတိုချုပ် ပြောရရင်တော့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနှစ်ခုစလုံးက အရမ်းဆိုးရွားခဲ့တယ်လို့လည်း ထရမ့်က ဆိုပါတယ်။ သူက တင်းမာမှုတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချမလဲ ဆိုတာကိုတော့ တိတိကျကျ မှတ်ချက်မပေးခဲ့ပေမယ့် ပြဿနာတွေကို ဖြေရှင်းဖို့ ဟိုမန်းက မင်နီဆိုးတားကို ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။
ထရမ့်က မင်နီဆိုးတားဆီ ဖက်ဒရယ် အေးဂျင့်တွေ စေလွှတ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ကာကွယ်သွားခဲ့ပါတယ်။ သူက တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ အဲဒီ မစ်ရှင်မျိုးက အမှန်တကယ် လိုအပ်တယ်လို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။
ရာဇဝတ်ကောင် ထောင်ဂဏန်းလောက်ကို မင်နီဆိုးတား ပြည်နယ်ထဲကနေ ဖယ်ထုတ်နိုင်ခဲ့ကြောင်း၊ ဒါဟာ ရာဇဝတ်မှုတွေကို ဖြိုခွင်းတဲ့ စစ်ဆင်ရေး ကဏ္ဍအတွက်တော့ အတော်ကြီး ကောင်းမွန်တဲ့ ကိန်းဂဏန်းလို့ ယူဆနိုင်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။
ကိုးကား: BBC
















































