■ကြံ့ဖွံ့ပါတီ ဒုဥက္ကဌ ကဇန်နဝါရီ ဒုတိယပါတ်မှာ
Thai Pakdee ပါတီကိုလာတွေ့ခဲ့
ဇန်နဝါရီ-၂၈၊၂၀၂၆။People’s Spring
ရွေးကောက်ပွဲဝင်မယ့် ထိုင်းကွန်ဆာဗေးတစ် ပါတီတစ်ခုက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ မြန်မာ အန်ဂျီအို အဖွဲ့အစည်းတွေကို ဖြိုခွင်းမယ်လို့ မဲဆွယ်ခဲ့ပါတယ်။

Public Service Announcement

ထိုင်းပက်ခ်ဒီး(Thai Pakdee)ပါတီက ဇန်နဝါရီ ၂၇ ရက်နေ့ ညပိုင်းမှာအဲဒီလို မဲဆွယ်ကတိမျိုး ဖော်ပြထားတဲ့ စည်းရုံးရေး ဗီဒီယို တစ်ခုကို သူတို့ာတီရဲ့ Facebook ပေချ်မှာ တင်ခဲ့ပါတယ်။
မဲဆွယ်မှုမှာတော့ရွေးကောက်ပွဲအနိုင်ရခဲ့ရင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အရေးတွေကို ကူညီပေးနေတဲ့၊ အလုပ်သမား သမဂ္ဂတွေ ထူထောင်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ မြန်မာအန်ဂျီအိုတွေကို ဖြိုခွင်းမယ့်အကြောင်း၊ အဲဒီ အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို လွှတ်ပေးထားမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ အစိတ်အပိုင်းတချို့ကို မြန်မာတွေ သိမ်းယူသွားတာမျိုးထိဖြစ်နိုင်ကြောင်းထည့်သွင်းဖော်ပြထားခဲ့ပါတယ်။
နောက်ပြီးနာမည်ဖော်ပြမထားတဲ့ထိုင်းနိုင်ငံရေး ပါတီနှစ်ခုက မြန်မာ အန်ဂျီအိုတွေကို ထောက်ခံပေးနေတယ်လို့လည်း ထိုင်းပက်ခ်ဒီး ပါတီက စွပ်စွဲထားပါတယ်။
ထိုင်းကို မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ ဝင်ရောက်လာမှုဟာ ဥရောပမှာ မွတ်ဆလင်တွေ အစုလိုက် ဝင်ရောက်တဲ့ အခြေအနေနဲ့တူညီတဲ့ အကျပ်အတည်း ဖြစ်လာနေပြီလို့လည်း အဲဒီ ပါတီက

လှုံ့ဆော်ထားပါတယ်။မြန်မာတွေကိုလက်ထပ်ခတ်ပြီးပြန်ပို့တာ ၊မြန်မာနိုင်ငံကဝင်လာသူတွေကိုလက်မခံပဲ ဆန့်ကျင်ဖို့ AI နဲ့ဖန်တီးထားတဲ့ရုပ်ပုံတွေကိုလည်း ဖော်ပြထားတာတွေ့ရပါတယ်။
ဒါအပြင် မြန်မာတွေဟာအိမ်နီးချင်းနိုင်ငံတွေထဲက တရုတ်နဲ့ အိန္ဒိယကိုမသွားပဲ ထိုင်းကိုပဲလာနေကြတာလဲ ဒါဟာထိုင်း ဥပဒေအားနည်းချက်ကြောင့်လားဆိုပြီးလည်း ရေးသားမေးခွန်းထုတ်ထားပါသေးတယ် ။
ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယအပတ်မှာ မြန်မာစစ်တပ်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့) ဒုဥက္ကဌက ထိုင်းနိုင်ငံကို သွားရောက်ပြီး ထိုင်းပက်ခ်ဒီး ပါတီနဲ့ တွေ့ဆုံခဲ့တယ်လို့ လူထုနွေဦးရဲ့ ထိုင်းသတင်းရင်းမြစ်က ပြောပါတယ်။
” ဘန်ကောက်မှာနေတဲ့ စကစရဲ့ မြန်မာသေနတ်ပွဲစားက စီစဉ်ပေးတာလို့ သိရတယ်။ အစိမ်းပါတီနဲ့ လာတွေ့တာ။ အဲဒါက ပြဿနာရှိတယ်” လို့ ထိုင်းသတင်းရင်းမြစ်ကပြောပါတယ်။

အဲဒီတွေ့ဆုံမှုအပြီးအခုလိုမဲဆွယ်လာတာဖြစ်ပါတယ်။ Thai Pakdee ပါတီဟာ ၂၀၂၁ ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၂၃ ရွေးကောက်ပွဲမှာရှူံးနိမ့်ခဲ့ပါတယ် ။အခုရွေးကောက်ပွဲမှာ ပါတီရဲနံမှတ်က ၂၉ ဖြစ်ပြီး တချို့ကအစိမ်းရောင်ပါတီလို့အလွယ်ခေါ်ကြပါတယ်။
ပါတီမူဝါဒမှာ ထိုင်းဘုရင်စနစ်ကိုထောက်ခံကာကွယ်ပေးဖို့၊အမျိုးသားရေးကိုဦးစားပေးဖို့ ၊ထိုင်းလူမျိုးအလုပ်သမားတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးဖို့လို့ကြွေးကြော်ထားပါတယ် ။ထိုင်းရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့ကျရင် ကျင်းပဖို့ စီစဉ်ထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီးမှာ ဇန်နဝါရီ ၁၁ ရက်က မြန်မာစားသောက်ဆိုင်မှာလုပ်ကိုင်သူတွေနဲ့ အစားအသောက်အိမ်အရောက်ပို့ဝန်ဆောင်မှုလုပ်တဲ့ Line Man ကထိုင်းနိုင်ငံသားအချို့ခိုက်ရန်ဖြစ်ပွားတာကအစပြုပြီး ထိုင်းအမျိုးသားရေးအစွန်းရောက် နှုတ်ခမ်းမွေးနဲ့အဖွဲ့က မြန်မာမုန်တီးရေးလှုံ့ဆော်နေပါတယ် ။ အယုတ္တယအပါအဝင်ဒေသအချို့မှာ နှုတ်ခမ်းမွေးနဲ့အဖွဲ့ကမြန်မာလုပ်သားအချို့ကို အကြမ်းဖက်ရိုက်နှက်ထိုးကြိတ်တာတွေပါလုပ်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ထိုင်းရောက်မြန်မာတွေ သတိထားနေထိုင်ကြဖို့ အလုပ်သမားအရေးကူညီပေးနေသူတွေက အကြံပြုတိုက်တွန်းထားပါတယ်။ ဒါအပြင်ဒေသအချို့မှာမြန်မာလုပ်သားတွေက ထိုင်းနှုန်ခမ်းမွေးနဲ့ အမျိုးသားရေးအစွန်းရောက်တွေရဲ့ အန္တရာယ်ကိုရှောင်ရှားနိုင်ဖိူ့ အပြင်မထွက်ပဲ အိမ်ထဲမှာပဲ နှစ်ပါတ်နေတဲ့လှုပ်ရှားမှုကိုလုပ်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားသန်းပေါင်းများစွာရှိပေမယ့် စစ်တပ်ရွေးကောက်ပွဲကိုမဲပေးသူ ရာဂဏန်းသာရှိခဲ့ပါတယ် ။ စစ်တပ်ရွေးကောက်ပွဲမဲမပေးပဲ ထိုင်းရောက်မြန်မာတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းအထင်အရှားပြလိုက်ပြီးနောက်မှာ စစ်အုပ်စုဘက်က ထိုင်းရောက်မြန်မာတွေကို ပိုညစ်လာနိုင်တဲ့အပေါ် အလုပ်သမားအရေးဆောင်ရွက်သူအချို့ကသတိပေးထားပါတယ် ။
ကိုးကား: Khaosod
ဓါတ်ပုံ- Thai Pakdee Party FB’s Screen grab















































