စစ်ပွဲ ရပ်ဆိုင်းရေး သဘောတူညီချက်အတွက် ယူကရိန်းက ဒွန်းညက်စ်ခ် ဒေသကို အပြီးတိုင် စွန့်လွှတ်ပေးစေလိုကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ပြောကြားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ပွဲရပ်ဆိုင်းစေဖို့အတွက် နှစ်ဖက်စလုံးကို ဖိအားပေး တောင်းဆိုနေခဲ့သလို ရုရှားက ငြိမ်းချမ်းရေးအတွက် လက်တွေ့ ညှိနှိုင်းမှုတွေကနေ ရှောင်လွှဲနေတယ်ဆိုတဲ့ သဘောမျိုးလည်း စွပ်စွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ထရမ့်ဟာ ပူတင်နဲ့ ဖုန်းဆက်ပြီး ဆွေးနွေးခဲ့သလို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုလည်း အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။
ပူတင်နဲ့ ဖုန်းပြောပြီးတဲ့ အချိန်မှာတော့ ထရမ့်က သူတို့နှစ်ဦးကြားက ဆွေးနွေးမှုတွေဟာ အများကြီး အပြုသဘော ဆောင်ခဲ့သလို မကြာခင် ဟန်ဂေရီနိုင်ငံမှာ သူနဲ့ပူတင် လူချင်းတွေ့ကြဖို့ သဘောတူခဲ့တယ်လို့လည်း ပြောပါတယ်။
ထရမ့်နဲ့ပူတင် ဖုန်းပြောခဲ့တဲ့ အသေးစိတ် အကြောင်းအရာတွေကို မသိရပေမယ့်လည်း ပူတင်ကတော့ စစ်ပွဲ ရပ်စဲချင်ရင် ယူကရိန်း အနေနဲ့ နိုင်ငံ အရှေ့ပိုင်းက ရုရှားနဲ့ ထိစပ်နေရာ ဒွန်းညက်စ်ခ် ပြည်နယ် တစ်ခုလုံးကို လက်လွှတ်ပေးရမယ်လို့ ထရမ့်ကို တောင်းဆိုခဲ့ကြောင်း Washington Post သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
ဒွန်းညက်စ်ခ်ကို အဆုံးရှုံးခံဖို့ ယူကရိန်းဖက်က ခေါင်းညှိတ်မယ်ဆိုရင် ရုရှားကလည်း ယူကရိန်းရဲ့ ခါဆွန်နဲ့ ဇာပေါ့ရစ်ဇီရာ ပြည်နယ်တွေထဲ ဝင်ရောက် နေရာယူထားတဲ့ တပ်တွေကို ရုပ်သိမ်း ဆုတ်ခွာပေးမယ်လို့ ပူတင်က ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် ထရမ့်ရဲ့ အစိုးရက ခန့်အပ်ထားတဲ့ အထူး ညှိနှိုင်းရေး ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်ဟာ ဒွန်းညက်စ်ခ်ကို လက်လွှတ်ပေးဖို့ ယူကရိန်း အစိုးရကို စတင် တိုက်တွန်းနေတယ်လို့လည်း Washington Postက ဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ယူကရိန်းရော၊ အိမ်ဖြူတော်ကပါ အဲဒီ သတင်းနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေပါတယ်။
ထရမ့်ဟာ အစောပိုင်းတုန်းက စစ်ပွဲ ရပ်ဆိုင်းဖို့ဆိုရင် ယူကရိန်းက ပိုင်နက်နယ်မြေ တချို့ကို အဆုံးရှုံး ခံရမှာ ဖြစ်သလို ရုရှားကလည်း ထိန်းချုပ်နယ်မြေ တချို့ကို လက်လွှတ်ပေးရနိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ နောက်တော့ သူ့ရဲ့ စကားက ပြောင်းသွားပြီး ယူကရိန်းဟာ စစ်မဖြစ်ခင် နိုင်ငံပိုင်နက် နယ်မြေအားလုံးကို ပြန်ရပြီး စစ်ပွဲကို အဆုံးသတ်နိုင်ခြေမျိုး ရှိနေကြောင်း ထရမ့်က ပြောခဲ့ပါတယ်။
Washington Postကတော့ အမေရိကန် အစိုးရရဲ့ သတင်းရင်းမြစ် နှစ်ဦးကို ကိုးကားပြီး ပူတင်က ဒွန်းညက်စ်ခ် ဒေသကိုသာ ရုရှားပိုင်နက်အဖြစ် ရမယ်ဆိုရင် စစ်ပွဲ ရပ်တန့်ရေး သဘောတူမှာ ဖြစ်သလို ဇာပေါ့ရစ်ဇီရာနဲ့ ခါဆွန်တို့ကို ရုရှားပိုင်နက်တွေအဖြစ် သတ်မှတ်ထားလိုမှုကို လက်လျှော့ပေးမယ်လို့ ထရမ့်ကို ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြသွားတာပါ။
ဒီတစ်ကြိမ် ပူတင်ဖက်က တောင်းဆိုမှုဟာ ဩဂုတ်လတုန်းက အမေရိကန်ရဲ့ အလာစကာ ပြည်နယ်မှာ ထရမ့်နဲ့ လူချင်းတွေ့တုန်းက တောင်းဆိုခဲ့တဲ့ အချက်အလက်တွေထက် လျော့ကျသွားတယ်လို့လည်း Washington Postက ဆိုပါတယ်။
ရုရှားအနေနဲ့ စစ်ရပ်ဆိုင်းရေး ဆွေးနွေးဖို့ လိုလိုလားလား မရှိတာ သေချာရင် အမေရိကန်ကလည်း ယူကရိန်းဆီ Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးရေး စဉ်းစားရလိမ့်မယ်လို့ ထရမ့်က သတိပေး ခြိမ်းခြောက်ခဲ့ပြီး မကြာခင်မှာ သူနဲ့ ပူတင်တို့ ဖုန်းဆက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ယူကရိန်း သမ္မတ ဇီလန်စကီးကတော့ ပူတင်ဟာ ယူကရိန်းလက်ထဲ အဲဒီ တာဝေးပစ် ခရုစ်ဒုံးကျည်တွေ ရောက်မှာကို စိုးရိမ်လို့သာ စစ်ရပ်စဲရေး ဆွေးနွေးမယ့် အခြေအနေဆီ ဦးလှည့်လာခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
ပူတင် တောင်းဆိုတဲ့ ဒွန်းညက်စ်ခ် ဒေသဆိုတာဟာ ရုရှား-ယူကရိန်း စစ်ပွဲ မဖြစ်ပွားခင် ၂၀၁၁ ခုနှစ်လောက် ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာပါ။ ဒွန်းညက်စ်ခ် ပြည်နယ်ထဲမှာ ရုရှားက ကျောထောက်နောက်ခံ ပေးထားတဲ့ ခွဲထွက်ရေး ပြောက်ကျားအဖွဲ့တွေ လှုပ်ရှားနေသလို အစိတ်အပိုင်း တော်တော်များများကို ရုရှားက ထိန်းချုပ်ထားနိုင်ပေမယ့် ပြည်နယ် တစ်ခုလုံးကိုတော့ သိမ်းယူနိုင်စွမ်း မရှိသေးပါဘူး။ ယူကရိန်းဟာ ဆလိုဗင့်စ်ခ်နဲ့ ခရာမာတော့စ်ခ်တို့လို မြို့ကြီးတွေ အပါအဝင် ပြည်နယ်ရဲ့ အနောက်မြောက်ဖက် နယ်မြေတွေကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။
ကိုးကား: Washington Post
















































