အောက်တိုဘာ-၁၉၊၂၀၂၅။သတိုး/People’s Spring
စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရောက် မြန်မာတွေက ချွန်းနန်မြို့မှာ ဒီနေ့(အောက်တိုဘာ ၁၉) နေ့လည်က ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံ MFDMC က တာဝန်ယူ၍ NUG ကိုယ်စားလှယ်ရုံးနဲ့ တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၃၉ခု ပါဝင်တဲ့ “ စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ” က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကိုရီးယားရောက် မြန်မာ ၃၀၀ ကျော်ပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကန့်ကွက် ဆန့်ကျင်ကြောင်း နဲ့ ကိုရီးယားအစိုးရ အပါအဝင် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ၊ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ရလာဒ်ကို အသိအမှတ်မပြုဖို့ တိုက်တွန်းတောင်းဆိုထားတဲ့ ကြေညာချက်ကို မြန်မာ ၊ကိုရီးယား ဘာသာတွေနဲ့ ဖတ်ကြားခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
ဆန္ဒပြပွဲမှာပါဝင်သူတွေက “ We Don’t Accept Military Coup” စာသားကို ကိုရီးယား ဘာသာနဲ့ပါရေးသားထားတဲ့ စာရွက်တွေကို ကိုင်ဆောင်ထားပြီး Free Burma ၊ Save Burma လို့ သံပြိုင်ရွတ်ဆိုခဲ့ကြပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတာဝန်ခံဦးဝင်းပေါ်မောင်၊MFDMC အတွင်းရေးမှူးကော်မတီနဲ့ စည်းရုံးရေးတာဝန်ခံတွေ ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ နဲ့ တော်လှန်ရေးအဖွဲ့အစည်းတာဝန်ခံများက အဖွင့်အမှာစကား၊ ရွေးကောက်ပွဲဆန့်ကျင်ရေး၊ တော်လှန်ရေးအားပေးစကားများ ပြောကြားခဲ့ပါတယ်လို့သိရပါတယ်။























































