စက်တင်ဘာ−၅၊၂၀၂၅။ဇော်ဝင်း/People’s Spring
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ညောင်လေးပင်-မဒေါက်−ရွှေကျင်လမ်းပိုင်းပေါ်က စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သေနတ်နှစ်လက်ရခဲ့တယ်လို့ Fire Dragon တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ညောင်လေးပင်-မဒေါက်−ရွှေကျင်လမ်းပိုင်းပေါ်က စစ်တပ်ရဲ့ငွေကြေးကောက်ခံတဲ့ဂိတ်ကို ဒီကနေ့ (စက်တင်ဘာ ၅ရက်) နံနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မနက် ၆ နာရီလောက်မှာ ဝင်တိုက်တာ။အဲဒီနေရာက ညောင်လေးပင်-မဒေါက်ကြားပေါ့။ကားလမ်းပေါ်မှာရှိနေတဲ့ ဂိတ်တနေရာပေါ့”ဟု အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အဲဒီဂိတ်မှာ စစ်တပ်က ဆက်ကြေးကောက်တာ၊ဖမ်းဆီးတာတွေ လုပ်နေတာဖြစ်တဲ့အတွက် Fire Dragon ကွန်မန်ဒိုရဲဘော်တွေ ဝင်တိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်သားနှစ်ဦးဆီကနေ MA1 သေနတ် တလက်၊ MA2 တလက်နဲ့ ကျည်တွေသိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။
ညောင်လေးပင်မြို့နယ်အခြေစိုက် ခမရ(၂၀)တပ်ရင်းကနေ လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းက မုက္ခမှု၊ တာပြတ်နဲ့ ရေကြည်ချောင်းကျေးရွာတွေမှာ စစ်တပ်ကဂိတ်စခန်းတွေ အခိုင်အမာဆောက်ပြီး အထိုင်ချထားပါတယ်။
ညောင်လေးပင်မြို့နယ်၊ညောင်လေးပင်မြို့ နဲ့ မဒေါက်မြို့က ၁၁မိုင်အကွာအဝေးရှိပြီးမဒေါက်နဲ့ ရွှေကျင်မြို့နယ်ကနှစ်မိုင်ခွဲကျော်ဝေးပေမယ့် ကြားမှာ စစ်တောင်းမြစ်ရှိပါတယ်။
