စက်တင်ဘာ-၁၊ ၂၀၂၅။ ကျော်ဇော/ People’s Spring
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် စစ်ကောင်စီရဲ့ မောရဝတီရေတပ်ဌာနချုပ်မှလာတဲ့ စစ်ကောင်စီတပ်သားတွေကို သုံးရက်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် နှစ်ဦးသေဆုံးသွားတယ်လို့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို သြဂုတ် ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ ကံပေါက်ဒေသရှိ ဦးပိုင်ဆီအုန်းခြံအနီးနဲ့ သြဂုတ် ၂၈ ရက်က ဆယ်အိမ်စုရွာအနီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင်နှစ်ဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က အသိပေးပါတယ်။
ဩဂုတ် ၂၅ ရက်တိုက်ခိုက်မှုမှာ မောရဝတီရေတပ်ဌာနချုပ်ဘက်ကနေ ဂန့်ဂေါ်တောင် ရထားဘူတာ၊ ဦးပိုင်ဆီအုန်းခြံအနီးတွင် ကာကင်းလာယူတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement
အလားတူ ဩဂုတ် ၂၆ ရက်မှာလည်း ဦးပိုင်ဆီအုန်းရုံးမှာ တန်းစီအပြီး စစ်ကောင်စီတပ်သားတွေ စုဝေးနေချိန် Drone ဗုံးသီးချ တိုက် ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသဖြင့် အရေးပေါ်ကားနှစ်စီးနဲ့မောရဝတီရေတပ်သို့ ပို့ဆောင်လိုက်ရတယ်လို့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က ဖော်ပြပါတယ်။
“ထိခိုက်သေဆုံးမှု ရှိတယ်ဗျ။ အတိအကျတော့ မသိရသေးပါ။ စုံစမ်းနေဆဲမို့။ အဲဒီဆီအုန်းခြံမှာ တပ်စွဲတာမျိုးတော့ မရှိဘူး။ ကာကင်းလာယူတာပဲရှိတယ်”လို့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီတပ်အခြေအနေကို လူထုနွေဦးကို ပြောပါတယ်။
ဒါ့အပြင် ဩဂုတ် ၂၇ ရက်မှာ ဦးပိုင်ဆီအုန်းခြံကနေ ဆယ်အိမ်စုကျေးရွာဖက်သို့ အင်အား ၁၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေက ညနေ ၃ နာရီမှာတိုက်ခိုက်ခဲ့ပြီး နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်အရာရှိ ဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရသွားပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က အသိပေးပါတယ်။
“မောရဝတီရေတပ်နဲ့ ဆယ်အိမ်စုရွာက ၁၈ မိုင်လောက်တော့ ဝေးမယ်ထင်တယ်ဗျ။ အခုရက်ပိုင်း အဲဒီတပ်ကနေ ဆယ်အိမ်စုဘက်ကို အင်အားတွေ ထပ်တိုးလာနေတယ်။ ခန့်မှန်းဆိုရင် ၅၀၀ လောက်တောင်ရှိမလားပဲ”လို့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အထက်ပါ ၃ ရက်ဆက်တိုက်ခိုက်မှုတွေကို ဒေါနတပ်ခွဲ – ၆ ဖြစ်တဲ့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့၊ ဒေါနတပ်ခွဲ – ၇ (L.P.F)၊ ဗထူးတပ်မတော်(B H.A)၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး(D.DPDF)၊ ဇင်ယော်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
